ဆိုးရွားသော စီးပွားရေးနှင့် စပ်စုသောဆွေမျိုးများကြောင့် တရုတ်လူငယ်များ နှစ်သစ်ကူးကာလအိမ်ပြန်ရန် ရှောင်ရှားလာ

ပုံ – တရုတ်နွေဦးပွဲတော် နှစ်သစ်ကူးကာလသည် နှစ်စဉ် ကမ္ဘာ့ခရီးသွားလာမှုအများဆုံး အချိန်ဖြစ်သည်။

BBC

ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား သန်း ၃၈၀ နီးပါးရှိသော တရုတ်နိုင်ငံတွင် အလုပ်သမားအများအပြားသည် တနှစ်လျှင် တကြိမ်သာ အိမ်ပြန်ကြပြီး မိသားစုပြန်လည်ဆုံဆည်းရန် အရေးပါဆုံးဖြစ်သော နှစ်သစ်ကူးပွဲတော် အချိန်အခါတွင် မွေးရပ်မြေကို ပြန်လေ့ရှိကြသည်။ အာဏာပိုင်များသည် နဂါးနှစ်အတွက် ယခုအားလပ်ရက်တွင် ခရီးစဉ်ပေါင်း ကိုးဘီလီယံထိ စံချိန်တင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ခြောက်လကျော်ကတည်းက အလုပ်လက်မဲ့ဖြစ်နေခဲ့သော အသက် ၃၃ နှစ်အရွယ် ယုဝမ်က “ပြောရမယ်ဆိုရင် အိမ်ကို လုံးဝ မပြန်ချင်ဘူး” ဟု ဆိုသည်။

သို့သော် ယုဝမ်သည် သူ့ဘဝ အထူးသဖြင့် လစာနှင့် ခံစားခွင့်များအပါအဝင် ၎င်း၏အလုပ်အခြေအနေအပေါ် ဆွေမျိုးများက စပ်စုမည်စိုးသောကြောင့် အိမ်ပြန်ခရီးကို ကြောက်ရွံ့နေသည်။ ယုဝမ်မိဘများကလည်း သူအလုပ်ပြုတ်သွားကြောင်းသိထားကြကာ အခြေအနေကို နားလည်ကြပြီး သူအလုပ်ရှိနေဆဲဖြစ်ကြောင်း ဆွေမျိုးများကိုညှာရန် ညှိထားကြသည်။

လူငယ် ရာပေါင်းများစွာသည် နှစ်သစ်ကူးပွဲတော်တွင် အိမ်ပြန်ကြမည်မဟုတ်ကြောင်း Xiaohongshu နှင့် Weibo ကဲ့သို့သောလူမှုမီဒီယာများတွင် တင်ထားကြပြီး တချို့မှာ မကြာသေးမီကပင် အလုပ်လက်မဲ့ဖြစ်ခဲ့ကြသူများဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိ မြို့ကြီးများတွင်နေထိုင်သူ ငါးဦးတွင် တဦးထက်မနည်း အလုပ်လက်မဲ့ဖြစ်ခဲ့သည်။ ထို့နောက် တရုတ်အစိုးရသည် လူငယ်အလုပ်လက်မဲ့ အချက်အလက်ထုတ်ပြန်မှုကို ပြီးခဲ့သည့်လအထိ မထုတ်ပြန်ခဲ့ပေ။ ယခုအခါ အလုပ်လက်မဲ့နှုန်းမှာ ၁၄ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ထိုအချက်အလက်တွင် ကျောင်းသားများကို ထည့်တွက်မထားပေ။

ဆယ်စုနှစ်များစွာ မြန်ဆန်လွန်းလှသည့် တိုးတက်မှုကြုံခဲ့ပြီးနောက် တရုတ်စီးပွားရေးသည် အရှိန်လျော့လာကာ မျှော်မှန်းထားသည့် ကိုဗစ်အလွန် ပြန်လည်နာလန်ထူမှုကိုလည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။ အိမ်ခြံမြေဈေးကွက်ပျက်သွားကာ ဒေသန္တရအစိုးရကြွေးမြီများလည်း တိုးလာသည်။

သို့သော် ယုံကြည်မှုအကျပ်အတည်းသည် အဆိုးရွားဆုံးပြဿနာဖြစ်ဟန်ရှိကာ တရုတ်ခေါင်းဆောင်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက် ပါတီထိန်းချုပ်မှုအပေါ် ဦးစားပေးမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြသည်။ သမ္မတရှီကျင့်ဖျင်လက်ထက်တွင် နည်းပညာမှသည် ပုဂ္ဂလိက ပညာရေးအထိ ပုဂ္ဂလိကပိုင်းဆိုင်ရာလုပ်ငန်းများကို ဖြိုခွင်းခဲ့သည်။ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာလည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ယိုယွင်းလာခဲ့သည်။

ယုဝမ်သည် ပုဂ္ဂလိကလုပ်ငန်းများကိုနှိမ်နင်းမှုတွင် သားကောင်တယောက်ဖြစ်ခဲ့ရသည်။

ယုဝမ်သည် ၂၀၁၄ ခုနှစ်တွင် ဟဲပေပြည်နယ်ရှိ သူ၏မွေးရပ်မြေနှင့် ၁၈၅ မိုင် (၃၀၀ ကီလိုမီတာ) ကွာဝေးသော ပေကျင်းတွင် တရုတ်ဘာသာစကားအထူးပြုဖြင့် ဘွဲ့ယူရန် ဆုံးဖြတ်ခဲ့သည်။ ရှီကျင့်ဖျင်သည် ပြည်ပသြဇာလွှမ်းမိုးမှုကြီးမားလာစေရန် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတော်မူဝါဒအတိုင်း လိုက်ပါစီးမျောရန် ယုဝမ်က ထိုလမ်းကြောင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယုဝမ်သည် ဘွဲ့ရပြီးနောက် ပုဂ္ဂလိကပညာရေးကုမ္ပဏီတခုတွင် အလျင်အမြန်ပင် အလုပ်ရခဲ့ပြီး တရုတ်ကျောင်းသားများအတွက် ပြည်ပဆရာများကို စီမံခန့်ခွဲခြင်းနှင့် သင်တန်းပေးခြင်းတို့ကို တာဝန်ယူရသည်။ သို့သော် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် တရုတ်အစိုးရက  ကျောင်းသားများ၏ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် အကျိုးအမြတ်ယူသော ပုဂ္ဂလိကပညာရေးကျောင်းများကို ပိတ်ပင်ခဲ့သည်။ ယင်းမှာ ဒေါ်လာ ၁၂၀ ဘီလီယံ (ပေါင် ၉၅ ဘီလီယံ) တန်ဖိုးရှိသင်ကြားရေးကဏ္ဍအတွက်  ပျက်စီးခြင်းနိမိတ်ပင်ဖြစ်သည်။

ယုဝမ်သည် အလုပ်ပြောင်းခဲ့ရကာ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် နည်းပညာကုမ္ပဏီကြီးတခုတွင် အလုပ်ရခဲ့သည်။ သူသည် ပြည်ပ ပလက်ဖောင်းများအတွက် တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ရန်နှင့် ထင်ရှားကျော်ကြားသူများ၏ အလုပ်များကို ကြီးကြပ်ရန် တာဝန်ယူခဲ့သည်။ သို့သော် ထိုအလုပ်မှာလည်း ငါးလသာခံခဲ့သည်။

၂၀၂၀ ခုနှစ်နှောင်းပိုင်းမှစ၍ နည်းပညာကုမ္ပဏီကြီးများအပေါ် စည်းမျဉ်းဆိုင်ရာထိန်းချုပ်ဖြိုခွင်းမှုကြောင့် ထိုနယ်ပယ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော် ဆုံးရှုံးသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့နောက် တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ်စိုးရိမ်သဖြင့် အမေရိကန်က တရုတ်နည်းပညာကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုအခြေအနေက ယုဝမ်၏ ကုမ္ပဏီအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်လာခဲ့ကာ ကုမ္ပဏီသည် တရုတ်နိုင်ငံပြင်ပတွင် လုပ်ငန်းလည်ပတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ယုဝမ်သည် ပြီးခဲ့သည့် ခြောက်လအတွင်း အကြိမ် တထောင်ကျော်အလုပ်လျှောက်ခဲ့သည်။ မျှော်မှန်းလစာကို လျှော့ချခဲ့သည်တိုင် အလုပ်တခုမှ မရခဲ့ပေ။

တရုတ်စတော့ရှယ်ယာများသည် ဖေဖော်ဝါရီလအစောပိုင်းတွင် ငါးနှစ်အတွင်း အနိမ့်ဆုံးသို့ ထိုးကျခဲ့သည်။ အမေရိကန်သံရုံး၏ Weibo အကောင့်သည် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပျက်ညည်းညူမှုအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပြီး အချို့က အကူအညီပေးရန် အမေရိကန်ကို တောင်းဆိုခဲ့ကြသည်။ အချို့က လက်ရှိတရုတ်ခေါင်းဆောင်ကို ဝေဖန်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုပို့စ်များအားလုံးကို ဖြုတ်ချခံခဲ့ရသည်။

တချို့သော လူလွတ်အမျိုးသမီးများသည် အိမ်ထောင်ပြု အခြေချရန် မိသားစုဝင်များ၏ ဖိအားပေးမှုကို မလိုလားကြပေ။

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်း နည်းပါးလာခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေးအတွက် အဓိကကျသော အင်အားတစ်ခုဖြစ်သည့် လူငယ်လုပ်သားများ ဆုံးရှုံးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေကြသည်။ လူငယ်များသည် အိမ်ထောင်ပြု သားမွေးရန် ပိုမိုတွန့်ဆုတ်လာကြကာ ထိမ်းမြားလက်ထပ်မှုအရေအတွက်မှာ  ကိုးနှစ်ဆက်တိုက် ကျဆင်းလာကြောင်း တရားဝင် အချက်အလက်များက ပြသနေသည်။

မစ္စတာရှီက အမျိုးသမီးများသည် ရိုးရာအလေ့အထများကို မြှင့်တင်ရာတွင် ထူးခြားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သက်ကြီးရွယ်အိုဦးရေများနေမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အိမ်ထောင်ပြု ကလေးမွေးဖွားသည့် ယဉ်ကျေးမှုဓလေ့ကို ကျင့်သုံးရန် လိုအပ်ကြောင်း အောက်တိုဘာလက ပြောကြားခဲ့သည်။  သို့သော် လက်ထပ်ထိမ်းမြားမှုနှင့်ကလေးမွေးဖွားမှုနှုန်း မြှင့်တင်ရန် အစိုးရ၏ ကြိုးပမ်းမှုမှာ ယခုအချိန်အထိ ထိရောက်မှု မရှိပေ။