တမူးမြို့နယ်က အောင်ဇေယျတပ်စခန်းကို တော်လှန်ရေးတပ် သိမ်းပိုက်

ပုံအညွှန်း – သိမ်းပိုက်ခံလိုက်ရသော အောင်ဇေယျတပ်စခန်း/ဓါတ်ပုံ – ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်)

ပါခွီး(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်က အောင်ဇေယျ စစ်ကောင်စီတပ်စခန်း ကို နှစ်ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးသတင်းအမြစ်အရသိရသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်တပ်စွဲထားသော အောင်ဇေယျတပ်စခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၄ နာရီဝန်းမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် ည ၉ နာရီအချိန်တွင် စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားရာ “ အသက်အန္တရာယ် မစိုးရိမ်ရ” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း ကျန်စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် သုံးကြိမ်လေ ကြောင်းပစ်ကူခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်း သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ လေးဦး မစိုးရိမ်ရသော ဒဏ်ရာများရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲကို KNA (Burma) နှင့်အတူ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အောင်ဇေယျ တပ်စခန်းသည် တမူးနှင့် ဟုမ္မလင်းထွက်ပေါက်ဖြစ်သဖြင့် အရေးပါသော နေရာတခုဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ယင်းအောင်ဇေယျတပ်စခန်းကို KNA နှင့် တမူးခရိုင်တပ်ရင်းများက ၂၀၂၃ခုနှစ် ဒီဇင်ဘာ၁၀ရက်နေ့က ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က ဝေဟင်၊ မြေပြင်ထိုးစစ်များ ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ပြန်ဆုတ်ခွာခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိမှာ တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများပူးပေါင်းတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်