ဆားလင်းကြီးဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေစဥ်(ရုပ်သံ – 5/Commando Force PDF)

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ဆေးရုံတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) 5/Commando Force PDF မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆေးရုံတွင် တက်ရောက်ကုသနေသည့်လူနာများမရှိဘဲ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏မိသားစု များ တပ်စွဲနေထိုင်လျက်ရှိသောနေရာကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများနှင့် မိသားစုများအပါအဝင် ၁၀၀ ကျော် ရှိပြီး လေးနေရာမှ လက်နက်ကြီးငယ် များဖြင့်ပစ်ခတ်ပြီး ဒရုန်းနှင့်လည်း ဗုံးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ရေစဥ်ပေါ်ကစနိုက်ပါသမားနဲ့ ဘန်ကာထဲကနှစ်ကောင်ထိတာမြင်ရတယ်၊ အခြေအနေအတော်ဆိုးတယ်၊ သေဖို့များမယ်။ ကယ်ကြပါအုန်းတို့၊ သူ့အရင်ကယ်ပါတို့နဲ့ ဆူညံနေတာပဲ။ အနည်းဆုံး ခုနစ်ယောက် လောက်ဒဏ်ရာရသွားတယ်” ဟု 5/Commando Force PDF ပြန်ကြားရေးတာဝန်ခံ Zapya က မဇ္စျိမကို ပြောသည်။

ဆားလင်းကြီးဆေးရုံအတွင်းနှင့် ရှေ့မှဘန်ကာများရှိ စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့ များက အနီးရှိဈေးအတွင်းမှ တနာရီကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အနေဖြင့် အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တပ်ခွဲ(၂) 5/Commando Force PDF ၊ Monywa Underground Force (MUGF) ၊ Salingyi Revolution Army (SRA) ၊ Special Guerrilla Force Monywa ၊ Urban Hunter Force – UHF ၊ Black Tiger Attacks Force ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ ဒေါင်းရာဇာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကိုအမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် လက်နက်ခဲယမ်းများလိုအပ်နေသဖြင့် မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်းကူညီကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာသို့ ကင်းပုန်းဝပ်ရန်ထွက်ခွာလာ သည့်စစ်ကောင်စီတပ်ကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တပ်ခွဲ(၂) 5/ Commando Force PDF ၊ ဗန္ဓုလနှင့်အဖွဲ့သားများက ပူးပေါင်းတိုက်တိုက်ခိုက်ခဲ့သည်။

စာတည်း။ ။စောဖေ