မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်မီးရှို့၍ လူနေအိမ် ၁,၀၀၀ ကျော်ပျက်စီး

မီးဘေးသင့်ပြည်သူများကို အကူအညီပေးနေစဥ်/ဓါတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့မှုကြောင့် မုံရွာမြို့နယ်အတွင်း ရွာပေါင်း ၂၀ရှိ လူနေအိမ်ခြေ ၁,၃၂၇ ပျက်စီးဆုံးရှုံးခဲ့ပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဧပြီလ ၈ရက် ယမန့်နေ့ တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မြို့နယ်အတွင်း၌ မီးရှို့ခံရခြင်းဖြစ်ပြီး ဆန် ၊ ဆီ ၊ဆား အပါအဝင် အခြေခံစားသောက်ကုန်များ ၊ အိုး ၊ ခွက် ၊ ပန်းကန် ၊ မိုးကာ နှင့် အိမ်သုံး ဆေးဝါးများလိုအပ်လျက်ရှိသည် ဟု ဆိုသည်။

“မီးရှို့ခံရတာက စစ်ကြောင်းထိုးလို့ စစ်ရှောင်ရတဲ့အခြေအနေထက်ပိုဆိုးတယ် ၊ တချို့ဆို အဝတ်တထည် ကိုယ်တခုနဲ့ထွက်ပြေးနေရတဲ့အခြေအနေမှာ အိမ် မီးထဲပါသွားတော့ အိမ်ထဲမှာရှိတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေလည်းဘာမှမရလိုက်ဘူး ၊ သုံညကနေပြန်စရတဲ့အခြေအနေဆိုတော့ လိုအပ်ချက်များစွာ ရှိနေတယ်” ဟု စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက် တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် အချို့မှာ မီးလောင်ပြင်တွင် တဲထိုးနေသူများရှိပြီး ရွာလုံးကျွတ်နီးပါးအရှို့ခံရသည့်ရွာများမှာ နီးစပ်သည့်နေရာများတွင် စု၍ ယာယီတဲဆောက်လုပ်နေထိုင်လျက်ရှိနေသည်ဟု ဆိုသည်။

မီးရှို့ခံရသည့် ရွာပေါင်း ၂၀အနက် သက္ကကျင်းရွာ လူနေအိမ် ၄၄၈လုံး ၊ ခိုးသန်းရွာ ၂၁၅လုံး နှင့် နဂါးတွင်းရွာ ၁၀၁လုံးတို့ဖြစ်ပြီး ကျန် ၁၇ရွာမှာ ရာဂဏန်းအောက် ပျက်စီးမှုများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရွာနာမည်နှင့် ပျက်စီးမှုအသေးစိတ် ဖော်ပြထားသည်။

အဆိုပါ ပျက်စီးမှုစာရင်းကို ကွန်ရက်အဖွဲ့ဝင်ဖြစ်သော မုံရွာမြို့ဖိုကယ်မှ စာရင်းပြုစုထားခြင်းဖြစ်ပြီး စာရင်းအနည်းငယ်ကွဲလွဲမှုရှိနိုင်ကြောင်းအသိပေးထားသည်။

ယခုကဲ့သို့ မုံရွာမြို့နယ် ပတ်ချာလည်ကို စစ်ကောင်စီတပ်က အပြောင်ရှင်းရေးဗျူဟာအရ စစ်ကြောင်းထိုးမီးရှို့ ခဲ့ခြင်းဖြစ်ပြီး အချို့ရွာများမှာ အိမ်အချို့ ၊ အချို့မှာ ရွာတဝက်နှင့် အချို့မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“မုံရွာမြို့နယ်ပတ်ခြာလည်ကို အပြောင်ရှင်းမယ်ဆိုတာကတော့ မြို့ထဲမှာ မစ်ရှင်လုပ်ပြီးသွားတာနဲ့ မြို့ဆင်ခြေဖုံးကရွာတွေကို ချက်ခြင်းရှောင်တိမ်းကြတယ်လို့ စစ်ကောင်စီဘက်ကယူဆဟန်တူတယ်၊ ဒါကြောင့်မြို့ပတ်ချာလည်က ရွာတွေအကုန်လုံးကို နေလို့မရအောင်ရှင်းတယ် ၊တော်လှန်ရေးသမားတွေကို လက်မခံရဲအောင်ရှင်းလင်းတယ်လို့ယူဆတယ်” ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ရှိသူက ၎င်းအမြင်ကို သုံးသပ်ပြောဆိုသည်။

၎င်းအပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကျောက်စစ်ပုံရွာအနီးရှိ အမြောက်တပ်ကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ခံရခြင်းနှင့် မြို့နယ်အတွင်း နေရာအနှံ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အင်အားကောင်းလာသဖြင့် ယခုကဲ့သို့ စစ်ကြောင်းထိုးမီးရှို့ခြင်းဖြစ်နိုင်ကြောင်း မုံရွာမြို့အခြေစိုက် PDF တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောကြားထားသည်။

မီးဘေးသင့်ရွာများအနက် ကံအို ၊ မကျီးကုန်း ၊ သက္ကယ်ကျင်းနှင့် ကြာပိုင် ရွာများမှ မီးဘေးသင့်အိမ်ထောင်များကို ဆန်နှင့် ဆပ်ပြာများ အကူအညီတချို့ပေးအပ်ထားကြောင်း သိရသည်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အနေဖြင့် စစ်ကိုင်းတိုင်း တတိုင်းလုံးအတွက် လိုအပ်သောနေရာများကို မျှဝေကူညီနေရသဖြင့် မီးဘေးသင့်သူများအားလုံးကို ပြည့်စုံသောထောက်ပံ့မှုများပြုလုပ်နိုင်ခြင်းမရှိကြောင်း တာဝန်ရှိသူက ဆိုသည်။

မုံရွာ မြို့နယ်သူမြို့နယ်သားများအပါအဝင် မိဘပြည်သူများအနေဖြင့် မီးဘေးသင့်ပြည်သူများကို ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနိုးဆော်ထားသည်။

ယင်းသို့ မီးဘေးသင့်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာ တာဝန်ခံမှ တဆင့် ချိတ်ဆက်ကူညီပေးမှု များရှိကြောင်း ဒုဝန်ကြီး ဒေါက်တာငိုက်တမ်းမောင် က မဇ္စျိမကိုပြောဆိုသည်။

သို့သော် တော်လှန်ရေးအစိုးရတရပ်ဖြစ်နေသောကြောင့် ပြည့်ပြည့်စုံစုံ အကူအညီပေးနိုင်ခြင်းမရှိသေးဟု ဝန်ကြီးကဆိုသည်။

အဆိုပါမီးဘေးသင့်ပြည်သူများအား အိုး ၊ ခွက် ၊ ပန်းကန် အသုံးအဆောင်များကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကလည်း အကူအညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)