စာသင်ကျောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီနဲ့ လော်ဘီတွေက ဘယ်လိုတုန့်ပြန်ကြလဲ

ZZ

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အဲ့ဒီရွာတွေက စာသင်ကျောင်းနှစ်ကျောင်း ကို ထိခိုက်ကာ ကျောင်းသားသေဆုံးမှုတွေရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ရက်‌က ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ ကျောင်းသား ၄ဦး သေဆုံးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကြေးမုံသတင်းစာကနေ ဖေဖော်ဝါရီ ၆ရက်နေ့မှာ သတင်း‌ဖော်ပြခဲ့ပါတယ်။

အဲ့ဒီဖော်ပြချက်ထဲမှာတော့ ဒီးမော့ဆို နဲ့ ဆီဆိုင်မြို့တွေမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပစ်ခတ်တကြောင့် ထိခိုက်သေဆုံးမှုနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတခု ထိခိုက်ပျက်စီးခဲ့တဲ့ သတင်းဟာ သတင်းမှားဖြစ်တဲ့အကြောင်း ဆိုထားပါတယ်။ BVB သတင်းဌာနက ဖော်ပြထားတဲ့ ဒီးမော့ဆိုနဲ့ ပတ်သက်တဲ့သတင်းကို ဖော်ပြထားပါတယ်။ ဒီးမောဆို မြို့နယ်တွင်းမှာ လေကြောင်းပျံသန်းမှု မရှိဘူးလို့ ငြင်းဆိုထားတာပါ။

စစ်ကောင်စီ လော်ဘီချန်နယ်ဖြစ်တဲ့ ကျော်စွာ မှာတော့ ၅ ရက်နေ့မှာပဲ ဒီးမောဆိုကို လေယာဉ်နဲ့ ဗုံးကြဲလိုက်တဲ့အကြောင်းကို “အခုတော့ငိုနေကြပြီ၊ သိန်းငှက်တွေအစာကောက်သွားလို့” ဆိုပြီး ဖော်ပြထားပါတယ်။ CDM ဆရာဝန် ထောက်ပို့တွေ နေနေတာကြောင့် ခုလိုလုပ်ရတယ်လို့ အားရတဲ့အရေးအသား ဖော်ပြထားတာပါ။
Snow Queen ချန်နယ်ကနေလည်း ဒီးမော့ဆိုအနောက်ခြမ်း စာသင်ကျောင်းထဲမှာ ခိုအောင်းနေတဲ့ PDF တွေကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် PDF တွေသေဆုံးတာပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကလေးတွေကို ထိတယ်လို့ ပြောနေတာက မီဒီယာတွေက လိမ်ညာနေတာသာ ဖြစ်ကြောင်း ဆိုထားပါတယ်။
ပုံတွေမှာ တပိုင်းတစစီ ပျံ့ကြဲနေတဲ့ အစိတ်အပိုင်းတွေဟာလည်း ကလေးတွေမဟုတ်ပဲ အသက် ၄၀ အရွယ် ဖြစ်ကြောင်း ရေးထားပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ စစ်ကောင်စီနဲ့ သူတို့ကိုထောက်ခံတဲ့ လော်ဘီချန်နယ်တွေရဲ့ ပြောဆိုမှုဟာ မကိုက်ညီတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ် လက်အောက်ခံ သတင်းစာမှာတော့ ဒီးမော့ဆိုမြို့နယ်ထဲကို လေကြောင်းပျံ့သန်းမှု မရှိဘူးလို့ ဆိုထားပေမယ့်‌ လော်ဘီချန်နယ်တွေမှာတော့ PDF တွေ ခိုအောင်းတဲ့နေရာမလို့ လေကြောင်းတိုက်ခိုက်မှု လုပ်တဲ့အကြောင်းနဲ့ သေဆုံးသူတွေဟာ ကလေးတွေမဟုတ်ကြောင်း ဆိုထားတာပါ။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနတွေကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး သတင်းဖော်ပြထားကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၄ ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်းနဲ့ သေဆုံးသွားသူတွေဟာ အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ကြား ကလေးငယ်တွေဖြစ်ကြောင်း ကို RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အလားတူပဲ BBC၊ DVB အပြင် မဇ္ဈိမကနေလည်း သတင်းဖော်ပြထားပါတယ်။ လင့် – https://shorturl.at/dgNTW , https://shorturl.at/dyZ69 , https://shorturl.at/xyLM0 , t.ly/S07Vi

Myanmar Now ရဲ့ဖော်ပြမှုမှာတော့ ဒေါဆီအီးရွာ စာသင်ကျောင်းမှာ ကျောင်းတတ်နေတဲ့ ကျောင်းသားတွေအပြင် လွိုင်နန်းဖရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀အရွယ် ဒေသခံအမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့လဲဖော်ပြထားပါတယ်။ လင့် – https://shorturl.at/deyC7

စစ်ကောင်စီဘက်က ဘယ်လိုပဲငြင်းငြင်း တိကျတဲ့ သက်သေအထောက်အထားတစ်ခုလဲရှိနေပြန်ပါတယ်။ ဒါကတော့ ကျော်စွာချန်နယ်ကနေ ဇန်နဝါရီ ၂၉ရက်နေ့ကတည်းက ဒီးမော့ဆို အနောက်ခြမ်းမှာ ဆေးရုံတွေ ဌာနချုပ်တွေရှိနေတာကြောင့် လေယာဉ်နဲ့ ဗုံးကြဲဖို့အတွက် လှုံ့ဆော်ဖြန့်ဝေထားတာပါ။

သို့သော်လည်း အခုဗုံးကြဲတဲ့နေရာဟာ တိုက်ပွဲနယ်မြေ မဟုတ်ဘဲ စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံနေတဲ့ နေရာသာ ဖြစ်တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးက ပြောဆိုခွင့်ရှိသူ စောသာအယ်စိုးက Myanamr Now ကို ပြောပါတယ်။ လင့် – https://shorturl.at/dOS59

VOAသတင်းဌာနကိုဖြေဆိုခဲ့တဲ့ စစ်ဘေးရှောင်ကူညီသူတစ်ဦးပြောတာက ဗုံးကြဲခံရတဲ့ စာသင် ကျောင်းမှာက စစ်ဘေးရှောင်နဲ့ ရွာခံကလေးတွေပဲစာသင်ကြပြီး တိုက်ပွဲလုံးဝမရှိတဲ့အကြောင်း စစ်စခန်း တည်နေရာလဲမဟုတ်သလို၊ တော်လှန် ရေးတပ်ဖွဲ့ရဲ့ စစ်အခြေပြုနေရာလဲမရှိဘူး။ ရွာခံနဲ့ စစ်ရှောင်တွေပဲရှိတဲ့ရွာလို့ ဖြေဆိုထားပါတယ်။ လင့် – https://shorturl.at/qvOT7

ကရင်နီအခြေစိုက်သတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း သတင်းဌာနကနေလဲ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စစ်တပ်လော်ဘီချန်နယ်တွေရဲ့ လိမ်လည် ဖြန့်ဝေမှုနဲ့ပတ်သက်လို့ အချက်အလက်စစ်ဆေး ထားပါတယ်။ လင့် – https://shorturl.at/cgmzH

မဇ္ဈိမ ကနေလည်း ကရင်နီပြည်နယ်က စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတစ်ဦးကို မေးမြန်းရာမှာ ဒေါဆီအီးနဲ့ လွိုင်နန်းဖကျေးရွာတွေဟာ စစ်ကောင်စီလော်ဘီချန်နယ်တွေက ဖြန့်ဝေသလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်စခန်းနေရာလည်း မဟုတ်သလို ဆေးရုံဆေးခန်းနဲ့ကုတဲ့နေရာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် ရွှေနေကြာချန်နယ်ကဖြန့်ဝေထားတဲ့ cdm ဆရာမက ဖော်ကောင်လုပ်တယ်ဆိုတာလဲ မဟုတ်သလို ဒီ cdm ဆရာမကိုလဲ မသိဘူးလို့လဲ သူကဆက်ပြောပါတယ်။ သူ့ရဲ့ပြောကြားချက်ကို နားဆင်ကြည့်ကြရအောင်ပါ။

ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကနေလည်း ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထားပါတယ်။ ဒီပွဲမှာ ဒေါဆီအီးကျေးရွာက ဆရာမရဲ့ ရှင်းပြချက်မှာလည်း ဗုံးလာကြဲတဲ့နေရာဟာ ပုံမှန်စာသင်တဲ့နေရာ ဖြစ်ကြောင်းဆိုထားပါတယ်။

ဒါ့ကြောင့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကျွေးရွာတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့ကိစ္စမှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိနေလို့ cdm ဆရာဆရာမတွေရှိနေလို့ဆိုတဲ့ ဖော်ပြချက်တွေဟာ မှားနေပြီး အမှန်တကယ်မှာတော့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေသာရှိပြီးတိုက်ပဲမရှိတဲ့အရပ်လဲဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ သတင်းစာရဲ့ ဖော်ပြမှုဟာ စစ်ကောင်စီတပ်ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှု မြောက်တဲ့ ကျူးလွန်မှုတွေ ကို ဖုံးကွယ်ပေးဖို့အတွက် ရှေ့နောက်မညီတဲ့ အချက်အလက်တွေနဲ့ ပြောင်ပြောင်တင်းတင်း ငြင်းဆိုနေတာသာ ဖြစ်ပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။