နိုင်ကျဉ်းများအပါအဝင် မြိတ်ထောင်မှထောင်ပြောင်းမှု ပေါ်တာအဖြစ်သုံးမည်ကို မိသားစုများစိုးရိမ်

ယနေ့ နံနက်ပိုင်း မြိတ်အကျဉ်းထောင် အရှေ့မှာ လာရောက် စောင့်ဆိုင်းနေတဲ့ မိသားစုဝင်များအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါဝင် အကျဉ်းသားအချို့ ကို စစ်ကောင်စီက ယနေ့ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက ထောင်ပြောင်းရွှေ့မှုပြုလုပ်နေကြောင်း အကျဉ်းသားမိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။

မြိတ်အကျဉ်းထောင်နှင့်နီးစပ်သူများ၏ပြောဆိုချက်အရ အကျဉ်းသား ၁၅၀ ကျော်မှ ၂၀၀ နီးပါအထိရှိပြီး ကော့သောင်းထောင်နှင့် အခြားထောင်များသို့ ပို့ဆောင်သွားမည်ဟု သိရသည်။

“ထောင်ပြောင်းမယ်ဆိုပြီး သတင်းထွက်နေတာ တပတ်လောက်ရှိနေပြီ။ ဘယ်ထောင်ကို ပြောင်းမယ်ဆို တာ သေချာမသိရသေးပေမယ့် ကော့သောင်းထောင်ကိုပြောင်းမယ်လို့ ဒီနေ့ကြားရတယ်”ဟု နိုင်ငံရေး အကျဉ်းသားမိသားစုဝင်တဦးက ပြောသည်။

ထောင်ပြောင်းရွှေ့မှုပြုလုပ်ခံရသူများထဲတွင် ပုလောမြို့နယ်မှ နိုင်ငံရေးအမှုများဖြင့် နှစ်ရှည်ကျခံထားရ သည့် နိုင်ငံရေးအကျဉ်းသားများပါဝင်ပြီး မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှု အများဆုံးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြိတ်အကျဉ်းထောင်သို့ သွားရောက်ခဲ့သည့် မြို့ခံတဦးက ပြောသည်။

စစ်ကောင်စီက ယခုရက်ပိုင်းထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေဂယက်ကြောင့် အကျဉ်းသားများကို ထောင်ပြောင်းခြင်းမဟုတ်ဘဲ ပေါ်တာအဖြစ်အသုံးပြုမည်ကို စိုးရိမ်ပူပန်နေရကြောင်း မိသားစုဝင်များက ပြောသည်။

“အကျဉ်းသားတွေကို ဒီရက်ပိုင်း ထောင်ပြောင်းရွှေ့မှုပြုလုပ်နေတာဆိုတော့ စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွား မှာကို စိုးရိမ်နေရတယ်”ဟု မူးယစ်ဆေးဝါးမှုဖြစ် နှစ်ရှည်ထောင်ချခံထားရသည့် မိသားစုဝင်တဦးကပြော သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဖေဖော်ဝါရီလ ၁၄ ရက် ယနေ့ နံနက် အရုဏ်တက်မှစ၍ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ကို မြိတ်အကျဉ်းထောင်မှ ကော့သောင်းအကျဉ်း ထောင်သို့ပြောင်းရွေ့ခဲ့ပြီး လက်ရှိအချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားများကို အမည်ခေါ်၍ ထောင် ပြောင်းရွှေ့ရန် ခေါ်ထုတ်နေကြောင်း၊ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလျှက်ရှိပြီး အသုတ်လိုက် ပြောင်းရွှေ့နေကြောင်း ထုတ်ပြန်ထားသည်။

“နိုင်ငံရေး အကျဉ်းသားအရေအတွက်က ဘယ်လောက်ပါမလဲဆိုတာတော့ လောလောဆယ်တော့ မသိရ သေးဘူး။ သူတို့က လုံခြုံရေးကို အကြောင်းပြတယ်၊ ပြီးတော့ လူဦးရေထူထပ်တာ အကြောင်းပြပြီး အခုလို ပို့ဆောင်နေတာ ဖြစ်တယ်”ဟု မြန်မာနိုင်လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

မြိတ်အကျဉ်းထောင်တွင် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂,၀၀၀ နီးပါးရှိကြောင်း ဇန်နဝါရီလဆန်းက ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ၏ ပြောကြားချက်များအရ သိရသည်။

စာတည်း။ ။စောဖေ