စစ်မှုထမ်းဥပဒေဂယက် မန္တလေးမြို့မှလုပ်ငန်းရှင်များ လုပ်သားရှားပါးမှုပြဿနာကြုံ

မန္တလေးမြို့၏အထင်ကရဈေးချိုတော်နှင့်နာရီစင်/Photo – CJ

007

(မဇ္ဈိမ)။  ။စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်သားစုဆောင်းရန် လူစာရင်းကောက်ခံနေချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ကုန်ကြသဖြင့် လုပ်သားရှားပါးမှုပြဿနာကြုံတွေ့နေရကြောင်း မန္တလေးမြို့မှစီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

“ဧည့်စာရင်းကြောက်လို့ပြန်သွားတာကတသုတ်၊ နောက်တသုတ်က အိမ်ကခေါ်လို့ဆိုပြီးပြန်သွားတာ။ စစ်မှုထမ်းကိစ္စမဲနှိုက်ဖို့ဆိုပြီး မိဘတွေကိုယ်တိုင်ကလာခေါ်သွားတာ။အခုဆိုင်မှာ ဝန်ထမ်းက ၁၀ ယောက်တောင် မရှိတော့ဘူး။ ရှိသလောက်လေးနဲ့လည်ပတ်နေရတယ်” ဟု ဆိုင်ဝန်ထမ်းနှစ်ဆယ်ဝန်းကျင်ဖြင့်ဝန်ဆောင်မှုပေးနေသည့် စားသောက်ဆိုင်လုပ်ငန်းရှင်တဦးကပြောသည်။

စစ်မှုထမ်းပြဿနာကြောင့် နောက်ဆက်တွဲအဖြစ်လုပ်သားရှားပါးမှုပြဿနာကိုပြီးခဲ့သည့်ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် သိသိသာသာကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်ဟု မန္တလေးမြို့မှစီးပွားရေးလုပ်ငန်းရှင်အသိုက်အဝန်းက ဆိုသည်။လတ်တလော လုပ်သားရှားပါးမှုပြဿနာနှင့်ကြုံတွေ့နေကြရသည့်လုပ်ငန်းများတွင် ဆံပင်ညှပ်ဆိုင်နှင့်စားသောက်ဆိုင်အပါအဝင် လူသားအရင်းအမြစ်အသုံးပြုရသည့်လုပ်ငန်းများပါဝင်ကြောင်းသိရသည်။

“အဆောင်မှာနေကြတဲ့ကလေးတွေက ဒေသစုံကနေ အလုပ်လာလုပ်ကြသူတွေပါ။အဆောင်မှာနေပြီး ဈေးချိုထဲအလုပ်ဆင်းတာရှိတယ်။ ကုမ္ပဏီဝန်ထမ်းတွေရှိတယ်။အနယ်နယ်အရပ်ရပ်ကလာကြသူတွေပါ။ ၅ မျဉ်းစောင်း၊ ၁၁ မျဉ်းစောင်းနဲ့ ၈ မျဉ်းစောင်းတွေများတယ်။ ဧည့်စာရင်းဒဏ်ခံရတုန်းကတောင် သူတို့ကြိတ်မှိတ်ပေတေပြီးနေနိုင်ခဲ့ကြသေးတယ်။ ဒီစစ်မှုထမ်းပြဿနာနဲ့ကျမှပဲ အကုန်ပြေးရတော့တာ” ဟု  အဆောင်ငှားရမ်းသည့်လုပ်ငန်းကို နှစ်ပေါင်းသုံးဆယ်ကျော်လုပ်ကိုင်လာသူတဦးကပြောသည်။

နေရပ်ပြန်အလုပ်သမားအများစုက ၎င်းတို့နေထိုင်ရာဒေသတွင် စစ်မှုထမ်းစာရင်းမဖြစ်မနေလာရောက်ပေးခိုင်းသဖြင့် ပြန်ကြရသူများရှိသလို အတင်းအကြပ်စစ်သားစုဆောင်းခံရမည်ကိုစိုးရိမ်စိတ်ကြောင့် ပြန်ကြသူများလည်းရှိကြောင်း သိရသည်။

“ငွေညှစ်တယ်ဗျ။ဧည့်စာရင်းတိုင်ထားတဲ့ကြားကမှ ရခိုင်မှတ်ပုံတင်ဖြစ်နေလို့ ရစ်တယ်။ခဏခဏငွေပေးရတယ်။ဒီကြားထဲ ပေါ်တာဆွဲခံရတာတွေလည်းရှိလို့မနေ ရဲတော့တာ။၁၁ မျဉ်းစောင်းဆိုတော့ ပြန်လို့ရမရတော့မသိဘူး” ဟု နေရပ်ပြန်ရန်ပြင်ဆင်နေသည့် မန္တလေးမြို့ရောက်ရခိုင်တိုင်းရင်းသားတဦးကပြောသည်။

လက်တလောတွင်စစ်ကောင်စီက ရခိုင်ပြည်နယ်မှတ်ပုံတင် ၁၁မျဉ်းစောင်းကိုင်ဆောင်ထားသူများကို ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း ခရီးသွားလက်မှတ်အရောင်းကိုယ်စားလှယ်များကပြောသည်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင်  စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ယခုနှစ် ဧပြီလ သင်္ကြန်ကာလအပြီးတွင် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရပ်ကွက်နှင့်ကျေးရွာများ၌ ထွေအုပ်ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ဆယ်အိမ်မှူး ၊ရာအိမ်မှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့်ဖွဲ့စည်းထားသည့် စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းပါဝင်သည့် လူဦးရေစာရင်းများကို ကောက်ယူနေပြီး စစ်မှုထမ်းရမည့်သူများကို မဲနှိုက်‌ရွေးချယ်နေကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းအပြင် ကျန်ပြည်နယ်နှင့်တိုင်းများတွင်လည်းစစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များသည် ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ ရောက်ရှိနေကြောင်း၊စစ်မှုထမ်းစာရင်းတွင်ပါဝင်သူများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့်လျှောက်လွှာများပေးပို့နေပြီး စာရင်း၌ပါဝင်သူများခရီးမထွက်ရန်နှင့် စဉ်ဆက်မပြတ် သတင်းပေးပို့ရန် ဖိအားပေးနေကြောင်း  စစ်မှုထမ်းစာရင်း၌ပါသည့် မိသားစုဝင်အချို့ကပြောသည်။

စာတည်း – အေးချမ်း