ကရင်နီပြည်နယ်တွင် IEC ယာဉ်လိုင်း စတင်ပြေးဆွဲ

ပုံအညွှန်း- ​​မော်ချီးမြို့အဝင်အား ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဥ် (ဓာတ်ပုံ-KNDF)

001

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်တွင် ဒီးမော့ဆို – မော်ချီး – မယ်စဲ့ IEC ယာဉ်လိုင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနထံက သိရသည်။

ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန ဌာနမှူးကြီး ဦးအယ်လ်ဖောင်းရှိုက “ ကျွန်တော်တို့ ပြေးဆွဲတဲ့ရည်ရွယ်ချက်က လက်ရှိ ကျွန်တော်တို့ ဌာနအနေနဲ့ မြေပြင်မှာ ဒီစစ်မီးကာလဖြစ်ပေမယ့်လို့ ပြည်သူတွေရဲ့ အခက်အခဲ၊ ကျွန်တော်တို့အစိုးရဌာနတွေရဲ့ အခက်အခဲတွေကို ကူးလူးသွားလာဆက်ဆံတဲ့နေရာမှာ အဆင်ပြေဖို့အတွက်ကို အကောင်းဆုံး စီမံချင်တာဖြစ်တယ်”ဟုဆိုသည်။

IECကလည်း ထိုသို့ပြေးဆွဲပေးနေကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင် ယာဉ်အစီးရေ ငါးစီးကနေ ဆယ်စီးအထိ ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီး ကားခအနေဖြင့် လူတဦးလျှင် ဒီးမော့ဆိုမှ မယ်စဲ့အထိ ခရီးစဉ်တကြောင်းကို သုံးသိန်းကျပ် သတ်မှတ်ထားကာ ငါးနှစ်အောက်ကလေးသူငယ်များအတွက် အခမဲ့ စီးနင်းခွင့် ပြုထားကြောင်း သိရသည်။

တဖက်တွင်လည်း စက်သုံးဆီဈေးနှုန်း အခြေအနေများအပေါ် မူတည်ပြီး ဈေးနှုန်းလျှော့ပေးမည့် အစီအမံများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီကာလက သိတဲ့အတိုင်းပါပဲ။ ဈေးမငြိမ်သေးတဲ့အပေါ် မဖြစ်မနေ လုပ်ဆောင်မှုများအတွက် စီမံကြရတာမလို့ပါ။ နောက်ပိုင်း အကောင်းဆုံးဝန်ဆောင်မှုများဖြစ်ဖို့ ဖြေလျှော့မှုတွေ ဆက်လုပ်ပါ့မယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

လက်ရှိတွင် IEC သယ်ယူပို့ဆောင်ရေးဌာနခွဲအတွက် မော်တော်ယာဉ်လိုင်းတာဝန်ရှိသူများအဖြစ် ညွှန်ကြားရေးမှူးအပါအဝင် လေးဦးကို ခန့်အပ်ထားကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။

ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး NLD အစိုးရလက်ထက် ကယား(ကရင်နီ) ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ဌာနမှူးကြီးအဖြစ်တာဝန်ယူထားသည်။

“နောက်ပိုင်းမှာ အဓိကကတော့ ကျွန်တော်တို့ လုပ်နိုင်ရန် လုပ်နိုင်သလို ကျွန်တော်တို့အစိုးရဌာနက တာဝန်ရှိတဲ့သူတွေရယ် ပြည်သူတွေရယ် ဒီစစ်မီးကာလအတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ကဏ္ဍတွေကို အကောင်းဆုံးလုပ်ဖို့အတွက် ဒါအစီအမံတွေတော့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လက်ရှိတွင် တော်လှန်ရေးအင်အားစုများက မယ်စဲ့၊ နန်းမယ်ခုံ၊ မော်ချီး၊ ရွာသစ်၊ ရှားတော စသည့် မြို့များကို ထိန်းချုပ်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး