မုံရွာမြို့တွင် စစ်တပ်ထုတ်ကုန် မသုံးစွဲရေး “ဘူးသပိတ်” ပြုလုပ်

မုံရွာမြို့တွင် စစ်တပ်ထုတ်ကုန် မသုံးစွဲရေး “ဘူးသပိတ်” ပြုလုပ်

ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ်ထုတ်ကုန် မသုံးစွဲရေး “ဘူးသပိတ်”ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ အောက်တိုဘာ ၂၁ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ကြသည်ဟု သိရသည်။

“မုံရွာမြို့ လူစည်ကားရာနေရာတွေမှာ စစ်တပ်ထုတ်ကုန် မသုံးစွဲရေး ‘ဘူးသပိတ်’ ဖော်ဆောင်ခဲ့ပါတယ်။ စစ်တပ်ကို ဝင်ငွေရစေမယ့် စစ်တပ်ထုတ်ကုန်များကို မသုံးစွဲဖို့ အရေးကြီးပါတယ်။ ပြည်သူများအားလုံးအနေနဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲရေး ‘ဘူးသပိတ်’မှာ ပါဝင်ကြဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ နွေဦးဘဏ်နဲ့ ချိတ်ဆက် အလုပ်လုပ်ကြဖို့ တောင်းဆိုအပ်ပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူတဦးက ပြောသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် မုံရွာမြို့ရှိ လူစည်ကားသည့် ကားကြီးကွင်း၊ စျေးနှင့်လမ်းမများတွင် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်”။ “ရွှေမန်းသူ၊ ရှမ်းမလေး၊ ရွှေမြိုင်သူ၊ ပုသိမ်သူ၊သန်မြန်သူ” ကား ငါတို့မစီးဘူး၊”မြန်မာ ဘီယာ” ငါတို့မသောက်ဘူး ၊”ဒဂုံ တံဆိပ်(Dagon) အရက်၊ အချိုရည်၊ ဘီယာ” မသုံးဘူး။ “ရွှေဖီဦး၊ nan myaing၊ lemon tea” ငါတို့မသောက်ဘူး ၊”PREMIUM GOLD၊ Red Ruby” ဆေးလိပ် ငါတို့ မသောက်ဘူး” စသည့်စာသားပါ စတေကာများကို ကပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ကိုင်ဆောင်ခြင်းတို့ကို ပြုလုပ်၍ သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆားလင်းမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့မှ စစ်ဘေးရှောင်ပြည်သူများကို နေ့စဉ် ကူညီထောက်ပံ့ပေးနေသော အဖွဲ့လည်း ဖြစ်သည်ဟု သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)