စစ်မှုထမ်းရန် အကျုံးဝင်သည့်  Non CDM  ဝန်ထမ်း စာရင်းပေးရန် စစ်ကောင်စီ ညွှန်ကြား


ဂျူချန်း

(မဇ္ဈိမ)။ ။ စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အပိုင်းအခြားအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး၏ စာရင်းချုပ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထား တင်ပေးရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း သိရသည်။

စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက်အပိုင်းအခြားဖြစ်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ အမျိုးသမီး ဝန်ထမ်းများ၏ အသေးစိတ်စာရင်းအချက်အလက်ကိုမူ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထား တင်ပြပေးရန်လည်း ညွှန်ကြားထားသည်။

ယင်းအပြင် ၂၀၂၅ခုနှစ်၊ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အထိ သုံးနှစ်စာ သက်ဆိုင်ရာ ဌာနများရှိ ဝန်ထမ်းများ၏ အသေးစိတ်စာရင်းများကိုလည်း ထပ်မံပြုစုရန် ညွှန်ကြားထားကြောင်း အကြောင်းကြားစာတွင် ပါရှိသည်။

Non CDM ဝန်ထမ်းများသည် စစ်အာဏာသိမ်းစဉ်ကာလတွင်လည်း စစ်ကောင်စီလက်အောက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ကာ လက်ရှိ စစ်ကောင်စီ၏ စစ်မှုထမ်းရန် ညွှန်ကြားချက်တွင်လည်း ဆက်လက်တာဝန်ထမ်းသင့်သည်ဟု CDM ဆရာမတဦးက မှတ်ချက်ပြုသည်။

“အရင်တုန်းကတောင်Nonလုပ်ပီးတာဝန်ထမ်းထမ်းခဲ့သေးတာပဲ။ ခုလည်းသူတို့ပေးတဲ့တာဝန်ကိုရွတ်ရွတ်ချွံချွံဆက်ထမ်းဆောင်ကြပေါ့” ဟု ရန်ကုန်တက္ကသိုလ်မှ CDM ဆရာမတဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်၌ ဝန်ထမ်းများ၏ စာရင်းအပြင် ရပ်ကွက်အချို့တွင်လည်း စစ်ကောင်စီမှ လူဦးရေစာရင်းလိုက်လံကောက်ယူနေကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“စစ်မှုထမ်းစာရင်းတွေလိုက်ကောက်နေပါတယ်။ အရှေ့ဒဂုံ မြောက်ဥက္ကလာနဲ့ သာကေတ ရပ်ကွက်အချိို့မှာ မနေ့က လိုက်ကောက်သွားပါတယ်” ဟု ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ယင်းဥပဒေကို အကောင်အထည်ဖော်မည့် ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ဦးဆောင်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမည့် သင်္ကြန်ရုံးပိတ်ရက်အပြီးတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး