မံစီမြို့နယ်၊ စီခမ်းကြီးစခန်းကို ကေအိုင်အေနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

အဂမ်

(မဇ္ဈိမ)။   ။ကချင်ပြည်နယ်၊မံစီမြို့နယ်၊စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီ၏ အဓိကစခန်းကို ကေအိုင်အေနှင့် PDF အပါအဝင်မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကေအိုင်အေရှေ့တန်းရင်းမြစ်များကပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ပိုင်း နယ်မြေဆက်စပ်ဒေသဖြစ်ပြီး စစ်ဗျုဟာအရ အလွန်အရေးပါသည့် စီခမ်းကြီးစခန်းကို ယနေ့(ဖေဖော်ဝါရီလ ၁၉ရက်)နံနက်၌ သိမ်းယူနိုင်ခဲ့ခြင်းဟု သတင်းရရှိသည်။ စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ် ခုခံကာကွယ်သည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဟု ရှေ့တန်းသတင်းရင်းမြစ်ကပြောသည်။

စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီ၏ဗျုဟာစခန်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစကာ ကေအိုင်အေ နှင့် မ ဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုစခန်းတွင် မံစီအခြေစိုက်တပ်ရင်းများအပြင် တပ်မ(၈၈)လက်အောက်ခံ တပ်ရင်းများပါ ပူးပေါင်းအထိုင်ချနေခြင်းဖြစ်သည်။

စစ်တပ်အတွက် အရေးကြီးသည့်စခန်းဖြစ်သည့်အလျောက် လေကြောင်းတိုက်ခိုက်ရာတွင် တိုက်လေယာဉ်သာမက Y- 12၊ Y – 8 လေယာဉ်များကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ရက် တရက်တည်းမှာပင် စစ်ကောင်စီတပ်က လေကြောင်းမှ  ၂၆ ကြိမ်ခန့်တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံပြည်သူခြောက်ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်ဟု မံစီမြို့ခံအချို့က ပြောသည်။

ယခု စခန်းသိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)အပြင် K-PDFနှင့်ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်တိုက်ခိုက်နေသည်ဟု ကြားသိရပြီး လက်ရှိအချိန်ထိ‌ နေရာအချို့၌  တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း မဇ္ဓျိမ၏မြေပြင် သတင်းအဖွဲ့က စုံစမ်းသိရှိရသည်။ တိုက်ပွဲအတွင်းထိခိုက်မှုများနှင့်ပတ်သတ်၍ သတင်းအသေးစိတ်ကိုမသိရှိရသေးပေ။

ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးအား ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

စီခမ်းကြီးစခန်းအပါအဝင် မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဗျူဟာကျသည့် ဂိုက်ထိပ်စခန်း၊ ပလောင်ဒင်ဆာကုန်း၊ နယ်စပ်စုပေါင်းဂိတ်နှင့် မံဝိန်းကြီးဒေသမှ စစ်ကောင်စီရဲစခန်းနှင့် စစ်တပ်စခန်းများကို ကေအိုင်အေနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် သိမ်းယူထားပြီး ဖြစ်သည်။

စာတည်း – အေးချမ်း