တီးတိန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ပုံအညွှန်း။ ​။ ကလေး-တီးတိန်-ဖလမ်းကားလမ်းပေါ်ရှိ သိုင်းငင်းရွာ။ ဓာတ်ပုံ/ Phoochin(Overhill)

ကိုခင်မောင်

မဇ္စျိမ ။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့ဝင်များအကြား ယနေ့(ဇွန်လ ၂၆ ရက်)ထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး သိုင်းငင်းရွာလူနေအိမ်များကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့နေကြောင်း People Defence Army (PDA-Tedim)တပ်ဖွဲ့ထံမှ သိရသည်။

ကလေး-တီးတိန်ကားလမ်းမပေါ်ရှိ သိုင်းငင်းတပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တီးတိန်မြို့မှ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြပြီးနောက် ဇွန်လ ၂၀ရက်နေ့ ညပိုင်းမှစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ဟု People Defence Army တပ်ဖွဲ့တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

၎င်းတာဝန်ရှိသူက “ စကစတပ်သားတွေ သွားတဲ့နေရာတိုင်းကို လိုက်ပစ်နေကြတာပါ။ ရွာထဲမှာရှိရင် ရွာထဲထိလိုက်ပစ်နေကြတာ။ တိုက်ပွဲကတော့ရက်ဆက်ဖြစ်နေတာဗျ။ သူတို့ဘက်က အထိနာနေတော့ လူနေအိမ်တွေကို မီးရှို့တယ်။ ဘယ်လောက်လောင်သွားလဲတော့ အတည်ပြုလို့ မရသေးဘူး။ မြူတွေဆိုင်း၊ မိုးရွာလိုက်နဲ့ ဒရုန်းလွှတ်ပြီးကြည့်ဖို့လည်း အဆင်မပြေဘူး။ မနေ့ကဆို စစ်ကောင်စီတပ်ဘက်ကလွှတ်တဲ့ ကင်းထောက်လေယာဥ်တစီးဝဲလာသေးတယ်။” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် သိုင်ငင်းရွာ ဆုတောင်းတောင်နှင့် အခြေခံပညာကျောင်းဆောင်အနီးရှိ လူနေအိမ်နှင့် ကလေး-တီးတိန်-ဖလမ်းလမ်းဆုံနေရာများတွင် နေရာယူလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၂၀ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာနေသောကြောင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ နားလေ့ရှိရာ ဆောက်လုပ်ရေးအဆောက်အအုံကို မီးတင်ရှို့ပြီး ဇွန်လ၂၁ ရက်နေ့တွင် အရပ်သားနေအိမ်များကို ဆက်လက်မီးရှို့နေခြင်းဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN) ထံမှသိရသည်။

ဇွန်လ ၂၂ ရက်နေ့တွင်လည်း သိုင်ငင်း- တီးတိန်- ဖလမ်း လမ်းခွဲတွင်နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး သိုင်းငင်းရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော ဆွလိမ်ရွာဘက်သို့ စစ်ကောင်တပ်များထွက်ပြေးခဲ့ကာ ထိုနေရာတွင် နှစ်နာရီကျော်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း CDF/ CDM -SIYIN တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“ ကျွန်တော်တို့ စကစတွေကို ဒီမှာ စခန်းချခွင့်ပြုမှာမဟုတ်ဘူး၊ အဆုံးထိ တိုက်ခိုက်သွားမှာဖြစ်တယ်” ဟု CDF CDM- Siyin တာဝန်ရှိသူက ဆိုသည်။

လက်ရှိ သိုင်ငဲင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်းမာလျက်ရှိနေပြီး အချိန်မရွေးပစ်ခတ်မှုရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကလေး-သိုင်ငင်းလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF CDM- Siyin က ဇွန်လ ၂၃ရက်နေ့တွင် အသိပေးထားသည်။

အဆိုပါတိုက်ပွဲတွင် ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN) ၊PDF- KKG၊ People Defence Army (PDA-Tedim)၊ ချင်းအမျိုးသားတပ်မတော် (CNA) CDF-Hualngoram စသည့်အဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၂ရက်နေ့က တီးတိန်မြို့ပေါ်တွင်ဖြစ်ပွားသော စစ်ကောင်စီတပ်နှင့်ချင်းညီနောင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပြီးနောက် လက်ရှိ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲများငြိမ်သက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစစ်ကောင်စီတပ်သည် ဇွန်လ ၁၈ရက်နေ့တွင် သိုင်းငင်းရွာစစ်ကောင်စီတပ်စခန်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျားဘီလူးကွန်မန်ဒိုတပ်ဖွဲ့ဖြစ်ကြောင်း စစ်တပ်လော်ဘီ နေပြည်တော်အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင်ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သိုင်ငင်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ခဲ့ပြီးနောက် ငါးလကျော်အကြာတွင် စစ်ကောင်စီတပ်က သိုင်ငင်းကိုပြန်လည် သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း ဖြစ်သည်။

တီးတိန်နှင့် ဖလမ်းသို့ သွားသည့် ကလေး-တီးတိန်-ဖလမ်း ကားလမ်းဆုံတွင် တည်ရှိသော သိုင်းငင်းရွာသည် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် နေရာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုစစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တီးတိန်-ကလေး ကားလမ်းတလျှောက် ရွာများဖြစ်သည့် ဆိုဇန်၊ အာလွယ်၊ ဆွလမ်၊ ဟိန်ဇိန်ကျေးရွာများမှ ဒေသခံများသည် စစ်ကောင်စီတပ်များ ရွာကို စီးနင်းဝင်ရောက်မည်ကို စိုးရိမ်၍ တောတောင်များနှင့် ကလေးမြို့ဘက်သို့ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)