တရုတ်အာဏာရှင်စနစ်ကသာ ရာဇတ်မှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား

ပုံစာ - ထိုင်ဝမ် သမ္မတ လိုင်ချင်တယ်အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။

ပုံစာ – ထိုင်ဝမ် သမ္မတ လိုင်ချင်တယ်အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။

ANI

ထိုင်ဝမ်လွတ်လပ်ရေးအတွက် အမာခံကြိုးပမ်းသူများကို သေဒဏ်ပေးမည်ဖြစ်ကြောင်း တရုတ်က ခြိမ်းခြောက်ပြီးနောက် ထိုင်ဝမ်သမ္မတလိုင်ချင်တယ်က ဒီမိုကရေစီက ရာဇ၀တ်မှုမဟုတ်ဘဲ တဦးတည်း အာဏာပိုင်စနစ်(autocracy)ကသာ ရာဇ၀တ်မှု ဖြစ်ကြောင်း ဇွန်လ ၂၄ရက်က ပြောကြားခဲ့ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းသူများကို သေဒဏ်ပေးမည့် တရုတ်၏ လမ်းညွှန်ချက်အသစ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် “ဒီမိုကရေစီက ရာဇ၀တ်မှုမဟုတ်ဘဲ တဦးတည်းအာဏာပိုင်စနစ်ကသာ ရာဇ၀တ်မှု ဖြစ်ပါတယ်ဆိုတာ အလေးပေးပြောကြားချင်ပါတယ်” ဟု ထိုင်ဝမ်သမ္မတက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြည်သူများက ၎င်းတို့၏ ထင်မြင်ယူဆချက်များ သို့မဟုတ် ရပ်တည်ချက်များကို ဖော်ပြခြင်း အတွက် တရုတ်တွင် အပြစ်ပေးပိုင်ခွင့် သို့မဟုတ် စီရင်ပိုင်ခွင့်မရှိကြောင်း လိုင်က ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို ထောက်ခံရင် ပေါင်းစည်းရေးကို မထောက်ခံဘူးလို့ တရုတ်က ယူဆပါ တယ်။” ဟု လိုင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရှိ တရုတ်ပေါင်းစည်းရေးမြှင့်တင်ရေးပါတီသည်သာ ထိုင်ဝမ် လွတ်လပ်ရေးအတွက် မကြိုးပမ်း သည့် တခုတည်းသော ပါတီအဖြစ် တရုတ်က ရှုမြင်ကြောင်း လိုင်က အလေးပေးပြောကြားခဲ့သည်။

“ထိုင်ဝမ်လွတ်လပ်ရေး အတွက် မဟုတ်တဲ့ ပါတီ တခုပဲ ရှိပါတယ်၊ အဲဒါက တရုတ် ပေါင်းစည်းရေး မြှင့်တင်ရေး ပါတီပါပဲ” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပြီး ယင်းကြောင့် အာဏာရ နှင့် အတိုက်အခံ ပါတီများ အားလုံး ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုကို ဖော်ပြသင့်ကြောင်း လိုင်က ထပ်မံပြောကြားခဲ့ ကြောင်း Focus Taiwan က ဖော်ပြခဲ့သည်။

ထိုင်ဝမ်တည်ရှိမှုကို လက်ခံရန်နှင့် ထိုင်ဝမ်ပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထား သော ထိုင်ဝမ်၏တရားဝင်အစိုးရနှင့် ဆွေးနွေးရန် တရုတ်အား လိုင်က ထပ်မံတောင်းဆိုခဲ့သည်။

“ဒါက ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဘက်စလုံးက ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာကို ကာကွယ်ဖို့ တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ တခြားလမ်းကြောင်းက ထိုင်ဝမ်နဲ့ တရုတ်ကြား ဆက်ဆံရေး ယိုယွင်းသွားစေမှာပါ” ဟု သမ္မတက ပြောကြားခဲ့သည်။

တရုတ်တောင်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ ကြောင်း Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်လွတ်လပ်ရေးအတွက် အမာခံထောက်ခံသူများကို သေဒဏ်အပြစ်ပေးမည်ဟု ခြိမ်းခြောက်သည့် တရုတ် လမ်းညွှန်ချက်ကို ဇွန်လ ၂၂ရက် အစောပိုင်းတွင် ပြည်မကြီးရေးရာကောင်စီ (MAC) က ရှုတ်ချခဲ့ပြီး ယင်းလမ်းညွန်ချက်သည် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဖလှယ်မှုကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု Central News Agency (CNA) က ဖော်ပြခဲ့သည်။ .