အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံး

ရောင်နီ

(မဇ္ဈိမ)။ ။မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခေါ်)ထက်ထက်(၂၃ နှစ်)သည် အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)ဖြင့် စစ်ကိုင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံထား ရသူဖြစ်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၀ ရက်နေ့က ကိုထက်ရန်နိုင် အကျဉ်းကျနေသည့် အိုးဘိုထောင်၊ အမျိုးသားအိပ်ဆောင် (၃)တွင် အခန်းစာရေးအဖြစ်လုပ်ကိုင်နေသည့် အကျဉ်းသားတဦး မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ် သည်ကို လက်ပူးလက်ကြပ်မိ၍ အကျဉ်းထောင်ဝန်ထမ်းများကို တိုင်တန်းရန် ကြိုးစားခဲ့သည်။

သို့သော် အခန်းသူကြီး တန်းစီးက မတိုင်တန်းရန် ကြားဝင်ညှိနှိုင်းပေးသည့်အတွက် ပြေလည်မှုရခဲ့သော် လည်း မူးယစ်ဆေးဝါးရောင်းချသူ အကျဉ်းသားကမကျေနပ်၍ အဆောင်(၃)၏ ဒုအဆောင်မှူးတပ်ကြပ် ကို လုပ်ကြံလီဆယ်တိုင်တန်းခြင်းကြောင့် ကိုထက်ရန်နိုင် အကြောင်းမဲ့ရိုက်နှက်ခံခဲ့ရသည်။

ထိုသို့ အကြောင်းမဲ့ရိုက်နှက်ခံရမှုအပေါ် ကိုထက်ရန်နိုင်က မိမိတွင်အပြစ်မရှိသည့်အတွက် မရိုက်နှက်သင့် ကြောင်းပြန်လည်ပြောဆိုရာ အကျဉ်းထောင်ဝန်ထမ်းကို ကလန်ကဆန်လုပ်သည်ဟုစွပ်စွဲပြီး ဒေါက်(ခြေ ချင်း)ခတ်အပြစ်ပေးရန် Main Jail သို့ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့သည်ကို (PPNM) က စုံစမ်းသိရ ကြောင်း ဖော်ပြသည်။

ထို့ပြင် ကိုထက်ရန်နိုင်ကို ထောင်ပိုင်လေး၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်ဝန်ထမ်း ငါးဦးထက်မနည်းက ဝါးဆစ်ပိတ်တုတ်များ၊ သံတုတ်များ၊ ကျဉ်စက်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းကြောင့် ခန္ဓာကိုယ်နှင့် ဦးခေါင်းတွင် ညိုမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။

ယင်းသို့ ရိုက်နှက်ခံရပြီးရရှိခဲ့သည့်ဒဏ်ရာများကြောင့် သတိလက်လွတ်ကာ ကယောင်ကတမ်းဖြစ်လာ၍ ကိုထက်ရန်နိုင်ကို ယင်းနေ့ နံနက် ၁၀ နာရီအချိန်တွင် ကြိုးတုတ်ပြီး Wheel Chair ဖြင့် အကျဥ်းထောင် ဆေးရုံဘက်ခေါ်ဆောင်ကာ အရူးတိုက်တွင်ပိတ်လှောင်ထားခဲ့ကြောင်း PPNM က ဆိုသည်။

ထို့နောက် မွန်းလွဲ ၁ နာရီကျော်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရာ ဆေးရုံမှာ ပင် ကိုထက်ရန်နိုင်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားသည်။

“လက်ရှိမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်ဟာ စျေးပေါနေပါတယ်။ ဒါတွေကိုလည်း မြန်မာပြည်သူ တွေရော၊ နိုင်ငံတကာကိုရော သိစေချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ဟာ ငါးကျပ်တန် A4 မိတ္တူစာရွက်လေးတရွက် အိမ်ကိုပို့လိုက်ရင် ကျေနပ်နေရတဲ့ဘ၀ကို ရောက်နေပါတယ်” ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုထက်ရန်နိုင်(ခေါ်)ထက်ထက်ကို အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်စေရန် အမိန့်‌ပေးစေခိုင်းသူ၊ ပူးပေါင်းပါဝင်၍ ကျူးလွန်ခဲ့သူများကို ထိရောက်သည့် အပြစ်ပေးအရေးယူမှုများ ပေး နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း PPNN က ကတိပြုထားသည်။

ယမန်နေ့(ဇွန်လ ၂၅ ရက်)ကလည်း ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေး အကျဉ်းသူများအပေါ် ကျူးလွန်ခဲ့သည့် ဥပဒေမဲ့လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် အချက်ငါးချက်ပါ တောင်းဆိုချက်ကို အရပ်ဘက်အဖွဲ့အစည်းရှစ်ဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ