ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အရေးယူခံရမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနှင့်အညီ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် Srettha Thavisin ကသတိပေးလိုက်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို အရေးယူဖို့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောကြောင်း ဘန်ကောက်ပိုစ့် သတင်းက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဧပြီကစလို့ လူငယ်တွေ စစ်မှုမထမ်းမနေရအစီအစဉ်ကို စတင်အကောင်အထည်ဖော်မယ်လို့ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှု သိသိသာသာမြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ် ဆာရက်သာ က အခုလို ပြောကြားလာတာဖြစ်ပါတယ်။

နိုင်ငံထဲကို တရားဝင်ဝင်ရောက်လာသူတွေကို ကြိုဆိုပေမဲ့ တရားမဝင် ခိုးဝင်လာတယ်ဆိုရင် သူတို့ကို ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရွက်ရပါမယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဒေသခံထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေအပေါ် ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ခဲ့ရာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဗီဇာလျှောက်ထားသူ အလွန်များလာတာကြောင့် တစ်ရက်ကို လေးရာသာ လက်ခံတော့မယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်ကနေ ခိုးဝင်တာတွေများနေပြီး ဖမ်းဆီးအရေးယူခံရတာတွေ ပိုများနေတယ်လို့ နယ်စပ်မှလာတဲ့သတင်းတွေအရသိရပါတယ် ။

စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေထံ ရရာနည်းလမ်းနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု ဆိုးဆိုးဝါးဝါး မြင့်တက်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူတွေက သုံးသပ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေဆီ လူ ငယ်အများစုတွေရဲ့ ပြည်ပထွက်ခွာမှုနှုန်းဟာ ပိုမိုများပြားလာနေခဲ့ပြီး ပြည်တွင်းမှာ အလုပ်အကိုင်ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ လူငယ်တွေအပေါ် ဖမ်းဆီးနှိပ်စပ်သတ်ဖြတ်မှုစတဲ့ စစ်ကောင် စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေး စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် လူငယ်အများစုက ပြည်ပနိုင်ငံတွေဆီကို ပိုမိုထွက်ခွာသွားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကြေညာချက်ကြောင့် ထိုင်းနိုင်ငံကို မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာနိုင်တာကြောင့် ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ထိုင်းအစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေကို ဘေးကင်းလုံခြုံရာမှာထားပေးသင့်တယ်လို့ ထောက်ပြကြပါတယ်။