ပြည်တွင်းရေးကိုစွက်ဖက်ရာမရောက်စေတဲ့နည်းလမ်းနဲ့မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံကို တရုတ် တိုက်တွန်း

ပြည်တွင်းရေးကို စွက်ဖက်ရာမရောက်စေဘဲ မြန်မာ့အရေးကို ပြေလည်အောင် ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကို တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ Wang Yi ကပြောကြားလိုက်ပါတယ်။

ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ Wang Yi ရဲ့ ကြေညာချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းရာမှာ တည်ငြိမ်မှုရရှိရေး ဦးစားပေး ကြိုးပမ်းမဲ့အကြောင်းလည်း တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင် တရုတ်နိုင်ငံက ပံ့ပိုးပေးခဲ့ကြောင်း ဆိုပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်း တပ်ဖွဲ့နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံက ကမကထလုပ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်က တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ၁၀၂၇ စစ်ဆင်းရေးဟာ တရုတ်နဲ့နယ်စပ်မှာ အပစ်ရပ်သွာခဲ့ပေမယ့်လည်း ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ဖော်ဆောင်နေကာ မြို့အများအပြားကို သိမ်းပိုက်ထားနိုင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေအကြား မြန်မာနိုင်ငံ နေရာတော်တော်များများမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလည်းဖြစ်ပတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တရုတ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အိမ်နီးချင်းကောင်းဖြစ်ခဲ့ပြီးမြန်မာ့ ပြည်တွင်းရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာစာမျက်နှာမှာ တရုတ်ရဲ့ ရပ်တည်ပေးမှုကို ကျေးဇူးတင်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်မှာလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်တက်ရောက်ပြီး အပြန်အလှန်မိန့်ခွန်းပြောတာ၊ ဖျော်ဖြေပွဲတွေလုပ်တာကို စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုမှာတွေ့ရပါတယ်။

ဒါအပြင် စစ်ကောင်စီဥက္ကဋ္ဌ က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစောဆုံးထောက်ခံခဲ့တာမြန်မာဖြစ်သလို အခုထိဆက်ပြီးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ တရုတ်က ဆက်ပြီး ကူညီဆောင်ရွက်ပေးဖို့ကိုလည်းစစ်ခေါင်းဆောင်က ထည့်ပြောခဲ့တာတွေ့ရပါတယ်။