မင်းကွန်းရဲစခန်းကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲ

007 (မဇ္စျိမ)။ ။စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်းအား ဒရုန်းဗုံးဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု အများအပြားရှိနိုင်ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် တကြိမ်၊ ညနေ ၄ နာရီခွဲခန့်တွင်တကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ အဆောက်အဦများပေါ် တည့်တည့်ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်သည့် စစ်ဆင်ရေးမှတ်တမ်းဗီဒီယိုဖိုင်အရ သိရသည်။

“အဲဒီမှာ စကစတွေတပ်စွဲထားတယ်၊ ရဲမိသားစုတွေလည်းရှိတယ်။ တိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တွေရှိနိုင်ပါတယ်။ အတိအကျတော့ ကျွန်တော်တို့လည်း သတင်းပြန်ထောက်(လှမ်း)ထားတုန်းပါ” ဟု မြနန္ဒာစစ်ဆင်ရေး(မန္တလေး)အဖွဲ့ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကိုပြောသည်။

ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ အော်ဟစ်သံနှင့် သေနတ်ပစ်ဖောက်သံများ ကြားခဲ့ရကြောင်း ဒေသခံများကလည်း ပြောသည်။

“မနက် ၁၀ နာရီခွဲလောက်မှာဗုံးကွဲသံကြားတယ်။ ရဲစခန်းထဲက အော်သံတွေကြားရတယ်။ ဆဲသံတွေရော၊ သေနတ်သံတွေရောပေါ့။ နောက်တော့ ဆေးရုံကားနှစ်စီး အသံဖျောက်ပြီး အဲဒီ(ရဲစခန်း)ဘက်ကထွက် သွားတာ တွေ့လိုက်ရတယ်”ဟု ဒေသခံတဦးကလည်း ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြနန္ဒာ Drone Force (မန္တလေး)နှင့်အတူ Unicorn Guerrilla Force ၊ Urban Guerrilla Force(MDY) ၊ Royal Falcon ၊ ပြင်ဦးလွင်ခရိုင်ထုတ်လုပ်ရေးနှင့် နယ်ခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုက ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့၏မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ မင်းကွန်းနယ်မြေရဲစခန်းသည် မင်းကွန်းရှေးဟောင်းယဉ် ကျေးမှုဒေသအတွင်းပါ၀င်ပြီး စစ်ကောင်စီတပ်ဖွဲ့က အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသဖြင့် ရဲစခန်းအနီး နေထိုင်ကြသူများ ပြောင်းရွှေ့နေထိုင်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေး အကြောင်းကြားထားသည်။

မင်းကွန်းနယ်မြေရဲစခန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်၊ ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့ကလည်း Unicorn ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

Video မြနန္ဒာစစ်ဆင်ရေး(မန္တလေး)

စာတည်း။ ။စောဖေ