ဖာပွန်မြို့ကို စစ်ကောင်စီတပ် လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်

ဖာပွန် ရပ်ကွက် (၁)နှင့် ရပ်ကွက် (၄) လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးမှုများ(ဓါတ်ပုံ- Salween Press)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဒရုန်းများကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

“အခုတော့ နေ့တိုင်း စစ်တိုက်လေယာဉ်နဲ ဒရုန်းကိုအသုံးပြုပြီး ဗုံးလာကြဲတယ်။ နေ့ရောညပါပေါ့နော်။ အပြင်းအထန် ဗုံးလာကြဲတာက သူတို့ရဲ့စခန်းကို တပ်မဟာ (၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက သူတို့ရဲ့ သွားလာလှုပ်ရှားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ဝင်ရောက်ပိတ်ဆို့ထားလို့ သူတို့ လမ်းကြောင်းရှင်းသွားအောင် လာရောက်ရှင်းလင်းခြင်း ဖြစ်တယ်လို့ ယူဆလို့ရတယ်” ဟု ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

မတ်လ ၁၉ ရက်နေ့မှစ၍ KNLA ပူးပေါင်းတပ်ဖွဲ့က ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းများ၏ ထောက်ပို့ရေး၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထားကာ အဆိုပါ တပ်ရင်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ တပ်ရင်းအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်နှင့် KNU- မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်၌ တပ်ရင်းမှူးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ ဝိုင်းဝန်းပိတ်ဆို့ခံနေရပြီး မြေပြင်မှ စစ်ကူ၊ ရိက္ခာ၊ ခဲယမ်း ထောက်ပို့ခြင်း မပြုလုပ်နိုင်တော့သည့် စစ်ကောင်စီတပ်သည် ဖာပွန်မြို့ပေါ်ရပ်ကွက်များသို့ လေကြောင်းတိုက်ခိုက်မှုများ အဓိကထား ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

“အထိအခိုက် အပျက်အစီးတွေကတော့ အိမ်ခြေအတော်များများ ပျက်စီးတယ်လို့ ထွက်ပြေးလာတဲ့ လူတွေပြောကြတယ်။ လူအချို့ ထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် စာရင်းအတိအကျတော့ မရရှိသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖာပွန်မြို့ပေါ်နှင့် အနီးအနား ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ တောအစပ်များ၊ လျှိုမြောင်များတွင် တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း သိရသည်။

မြေပြင်သတင်းရင်းမြစ်၏ ပြောကြားချက်အရ ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် ဖာပွန်မြို့ပေါ်ရှိ အထိုင်ချ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများသည် ၎င်းတို့၏ တပ်ကို စွန့်ခွာကာ ခြေလျင်တပ်ရင်း ခလရ (၁၉) သို့ သွားရောက်စုဝေးနေကြသဖြင့် ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားကြောင်း သိရသော်လည်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု- ဗိုလ်မှူးကြီး စောကလယ်ဒို့ကမူ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ဖာပွန်မြို့ပေါ်နှင့် အနီးတဝိုက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အခြေချစစ်ဗျူဟာ စဗခ (၁) နှင့် ၎င်း၏ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၁၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ (၃၄၁)၊ (၄၃၄)၊ (၆၄၂) တပ်ရင်းတို့ ရှိကြောင်း ဒု- ဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ