နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၄ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

မကွေးတိုင်း၊ဂန့်‌‌ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက် နှင့် အလင်းဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၃၆၈ အမြောက်တပ်က တပ်သား တဦးကို ဂုဏ်ပြု ငွေ သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းစာရင်းကို ပညာရေးဝန်ကြီးဌာနက မေ ၂ ရက်စွဲနှင့် ထုတ်ပြန်ကြေညာလိုက်သည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှေ့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စရဖ)လိုင်းခန်းဝင်း လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပျက်စီးမှုများ ရှိကြောင်း မြောက် ဥက္ကလာပမြို့နယ် ပကဖ ဒု- တာဝန်ခံထံမှ သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ တောင်စွန်း ရှေ့တန်းစခန်း သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၆ ဦးသေဆုံးပြီး ထွက်ပြေးသွားသည့် တပ်ရင်းမှူး အပါအဝင် ၁၃ ဦးကို လိုက်လံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်း၌ရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အရာခံဗိုလ် ၁ ဦးအပါအဝင် ၂ ဦးကိုဖမ်းဆီးရမိခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း PVTV သတင်းတွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ (၅၅၇) မှ တပ်ကြပ်ကြီးစာရေး နှစ်ဦးတောင်ပိုင်းညီနောင်စစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်လာ ကြောင်း Southern Brothers Army မှ ထုတ်ပြန်သည်။

မြန်မာစစ်ဘေးရှောင်ကလေး ၅၉ ဦးတက်ရောက်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဒပ်ဆွာ ကျေးရွာရှိ မြန်မာစစ်ဘေးရှောင် ပြည်သူ့အခြေပြုဒပ်ဆွာစာသင်ကျောင်းသည် လေပြင်းမုန်တိုင်း ကြောင့် ကျောင်းတဆောင်လုံး ပျက်စီးပြိုလဲသွားကြောင်း ပလက်ဝမြို့နယ်ရေး ဘုတ်အဖွဲ့ တာဝန်ရှိ သူထံက သိရသည်။

မကွေးတိုင်း၊ရေစကြိုမြို့တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က မေလ ၂ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ် ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်း(Oline) လောင်းကစား လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများ ‌ခြောက်လအတွင်း အပြီးထွက်ခွာကြရန် ကရင်နယ်ခြား စောင့်တပ်(BGF)မှ သတိပေးထုတ်ပြန်သည်။

နိုင်ငံတဝန်း ပြင်းထန်သောတိုက်ပွဲများအကြား အိုးအိမ်စွန့်ခွာထွက်​ပြေးရသည့် အရပ်သားပြည်သူ ၃ သန်းကျော်ရှိလာခဲ့ပြီဟု ကုလသမဂ္ဂမြန်မာရုံးက ယမန်နေ့(မေလ ၃ ရက်)တွင်သတင်း ထုတ်ပြန် သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က တာဝန်ရှိသူက ပြောသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီအင်အားအများအပြားတပ်စွဲလာ၍ အချိန် မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဒေသခံများအားသတိပေးသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ၏ ရေတပ်စခန်းကို တော်လှန်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်သား ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ဝမ္မသူ ဆေးရုံကြီး က ဆေးအဖွဲ့ ပြန်လည်ပတ်နိုင်ရေးအတွက် ခြောက်ရက်တာ အလှူကောက်ခံ ရသည့်ငွေ ကျပ်သိန်း ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ထံမှ သိရသည်။

စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရေး စားပွဲဝိုင်းမှာ အဖြေရှာရန် နည်းလမ်းမရှိတော့သည့် အတွက် အ​ကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တရားဝင်ကြေညာလိုက်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် ဧပြီလအတွင်း ဒေသခံ ငါးဦးသေဆုံးကာ ၃၁ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့-မင်းတပ်( CDF-mindat )က မေလ ၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမတွင်ပြုလုပ်သည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကို လှည့်လည် ကြည့်ရှုခဲ့ကြောင့် စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ဆန်ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြိုနယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို၊ ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းအစိုးရအဖွဲ့တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

မေ ၄ ရက် သုံးသပ်ချက်

စစ်ကောင်စီတပ်ကို ရှမ်းပြည်နယ်အခြေစိုက် SSA/SSPP တပ်ဖွဲ့က တိုက်ခိုက်သွားမည်ဟု စစ်ကြေညာလိုက်သည့်အတွက် ရှမ်းတောင်ပိုင်းနှင့် ရှမ်းအရှေ့ဘက်တွင် တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဘက်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်အာဏာရှင် ခုခံတော်လှန်စစ်အားကောင်းနေသလို စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်လာနိုင်သည်ကို တွေ့ရသည်။