ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ပြီး နာပိုလီကို ဘာကာ ကျော်ဖြတ်နိုင်မယ်လို့ ဇာဗီ ယုံကြည်

ဗုဒ္ဓဟူးနေ့က နာပိုလီကို ၁-၁ ဂိုးဖြင့် သရေကျခဲ့ရာမှာ သူ့အသင်းရဲ့ လွှမ်းမိုးနိုင်မှုကို ကြည့်ရှုနေရပေမယ့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မယ်လို့ ဇာဗီက အကောင်းမြင်နေပါတယ်။

ဘာစီလိုနာဟာ နေပယ်လ်မှာ ကစားတဲ့ပွဲရဲ့ အစိတ်အပိုင်းများစွာမှာ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမယ့်လည်း ဗစ်တာ အိုစီဟင်က အိမ်ရှင်တွေအတွက် တလုံးတည်းသော ဂိုးကန်ချက်နဲ့အတူ သရေရလဒ်ရယူပေးခဲ့တာပါ။

ရောဘတ် လီဝန်ဒေါစကီးကတဆင့် ဂိုးရခဲ့တဲ့ ဇာဗီရဲ့အသင်းဟာ အခွင့်အရေးတွေ ပိုဖန်တီးခဲ့ပြီး ဂွန်ဒိုဂန်ရဲ့ အနိမ့်ကန်ချက် သီသီလေး ကပ်လွဲခဲ့ရချိန် နောက်ဆုံးမိနစ်မှာ နိုင်ပွဲရဖို့အထိ နီးစပ်ခဲ့ပါသေးတယ်။

“ဒီလိုပုံစံအတိုင်း ကစားရင် ဒီထက်ပိုပြီး တိုးတက်ဖို့ ကျနော်တို့မှာ အခွင့်အလမ်းကောင်းတွေ ရှိတယ်။ တိုက်စစ်နဲ့ ခံစစ်ပိုင်းမှာ ကျနော်တို့ ကောင်းကောင်းကစားခဲ့ပြီး ဂိုးရပြီးနောက်ပိုင်း အခွင့်အရေးတွေ ပိုဖန်တီးခဲ့တယ်။”လို့ ဇာဗီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပေမယ့် ဒါက ချန်ပီယံလိဂ်ပါ၊ သူတို့ကို နေရာလွတ်ပေးမိရင်တော့ အပြစ်ပေးခံရနိုင်ပါတယ်။

“ရလဒ်က ကစားကွက်ကို ထင်ဟပ်မပြခဲ့လို့ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျနော်တို့ လုပ်ဆောင်ခဲ့တာတွေကို အသုံးချနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ အသင်းလူစာရင်းရဲ့ ပုံရိပ်ကို ကျနော် ဂုဏ်ယူမိတယ်။ နောက်တကျော့ ယှဉ်ပြိုင်ဖို့ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ။”

နာပိုလီနည်းပြသစ် ကာဇိုနာဟာ တနင်္လာနေ့ညမှာ ဒီရာသီ အီတလီချန်ပီယံတို့ရဲ့ တတိယမြောက်နည်းပြဖြစ်လာပြီးနောက် ကမန်းကတန်း ပြင်ဆင်ခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးပွဲရလဒ်အတွက် ပျော်ရွှင်နေခဲ့ပါတယ်။

“ကျနော် အကြိုက်ဆုံး သဘောကျခဲ့ရတာကဘာလဲဆိုတော့ ပြိုင်ပွဲထဲကို ပြန်ဝင်ချင်တဲ့ အလိုဆန္ဒပါ။ ကျနော်တို့ဟာ နည်းဗျူဟာပိုင်းဆိုင်ရာ အရာတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်၊ ဒါပေမယ့် လူစားဝင်တွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေလည်း ရတဲ့အတွက် ဝမ်းသာပါတယ်။”လို့ ကာဇိုနာက ပြောပါတယ်။

“ကျနော်တို့ ရှုံးနိုင်တဲ့ အခြေအနေမှာရှိပေမယ့် သရေကျခဲ့ပြီး အနိုင်ရဖို့ အခွင့်အရေးတောင် ရခဲ့တယ်။ ဒါကြောင့် ကျနော် ကျေနပ်ပါတယ်။

“ဘာစီလိုနာနဲ့ ရင်ဆိုင် ကစားရတာက လူတိုင်းအတွက် ခက်ခဲပေမယ့် သရေရလဒ်က ကျနော်တို့ကို ပြိုင်ပွဲထဲ ရှိနေဖို့ အခွင့်ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ နာပိုလီက အဲဒီရည်မှန်းချက်ရှိထားတာကြောင့် ကျနော်တို့ နောက်တဆင့်ကို တက်သွားချင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ခက်ခဲတဲ့ပွဲတပွဲဖြစ်မှာပါ။”