ရခိုင်ပြည်နယ်မှာ ဒုံးပျံနဲ့ပစ်လို့ ပျက်စီးသွားတယ်ဆိုတဲ့ ပုံအမှား

ZZ

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်က ဒုံးပျံနဲ့ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပျက်စီးသွားတဲ့ပုံဆိုပြီး ဓာတ်ပုံနှစ်ပုံ ပျံ့နှံ့နေပါတယ်။

Snow Queen ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ “တပ်မတော်က ပစ်လိုက်တဲ့ ဒုံးပျံ အသံကြားတယ် မမြင်လိုက်ရဘူး။ မီးတန်းကြီး အသံက ဟီးနေတာဆိုဘဲ မနက်ကျ သွားစပ်စုလိုက်တာ အပစ်ခံလိုက်ရတဲ့ နေရာက ပုံထဲက အတိုင်းဖြစ်သွားတယ်။ ရခိုင်မှာ ” လို့ (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဓာတ်ပုံ နှစ်ပုံကိုဖြန့်ဝေထားပါတယ်။

ဒီသတင်းဟာ ကြည့်ရှုသူ ၂၆,၀၀၀ကျော်ရှိနေပြီဖြစ်ပြီး ချန်နယ်နဲ့ ဂရု ၁၂ ခုမှာ ပျံ့နှံ့နေတာပါ။ ဖေ့ဘုတ်မှာလည်း ပျံ့နေပါတယ်။

မဇ္ဈိမက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအချက်အလက်စစ်ဆေးခဲ့ပါတယ်။

Snow Queen ချန်နယ်ရဲ့ရေးသားဖြန့်ဝေမှုမှာ ရခိုင်လို့သာပါဝင်ပြီး ဘယ်မြို့နယ် ဘယ်နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတာမျိုး တိတိကျကျရေးသားထားခြင်းမရှိတာကိုတွေ့ရပါတယ်။

ပါဝင်တဲ့ဓာတ်ပုံနှစ်ပုံကို Google Image မှာရှာဖွေကြည့်တဲ့အခါမှာတော့ ဒီပုံအဟောင်းတွေဖြစ်နေတာပါ။

၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီက ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နားမှာရှိတဲ့ မိုင်းတွင်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ဖြစ် စဉ်က ပုံတွေပါ။
ဒါကိုတော့ ဧရာဝတီ သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းမှာ သတင်းဖော်ပြထားပါတယ်။ လင့် – https://shorturl.at/uHZ34

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်စခန်းတွေ တခုပြီး တခု လက်လွတ်နေရတာပါ။ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အမှန်တကယ် ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို အခြားက ပုံဟောင်းတွေနဲ့ တွဲဖော်ပြထားတဲ့ သတင်းမှားပဲ ဖြစ်ပါတယ်ရှင်။

သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။