အကသ(ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်းကိုညီမင်းသူနှင့် ကျဆုံးရဲဘော်များကို အလေးနီပြုအခမ်းအနားကျင်းပ

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ(ဗကသများ)အဖွဲ့ချုပ်၏ အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း နှစ်နှစ်ပြည့်နှင့် ဗကသကျဆုံးရဲဘော်များ ခေတ်အဆက်ဆက် အသက်စွန့်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို အလေးနီပြုခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ရက် ညနေပိုင်းတွင် ထိုင်းမြန်မာနယ်စပ် တနေရာတွင် ကျင်းပြုလုပ်ကြသည်။

ကိုညီမင်းသူသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်ရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေစဉ် ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ရသူဖြစ်သည်။

“သူက ခေါင်းဆောင်ကောင်းတယောက်လို့ ခံယူတယ်ဗျ။ ဘာလို့ဆိုရင် ရဲဘော်တွေကြားထဲမှာ အနစ်နာခံတာတွေ ဦးဆောင်တာတွေ ရှိတယ်။ သူဦးဆောင်ခဲ့လို့လည်း အကသဆိုတာ ဖြစ်လာခဲ့တာ။ သူစိုက်ပျိုးခဲ့တဲ့အသီးသီးပွင့်တွေကို ဘာတွေခံစားနေရလဲဆိုတော့ အခြေခံပညာကျောင်းသားများ သမဂ္ဂတွေ နိုင်ငံအနှံ့မှာ ပေါ်လာတယ်”ဟု ဗကသရဲဘော်ရဲဘက်တဦးဖြစ်သည့် ကိုကောင်းဆက်က ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသို့ ဗကသကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ကိုညီမင်းသူ၏ မိသားစုဝင်များနှင့် တော်လှန်ရေးအင်အားစုများ တက်ရောက်ကြသည်။

“သူများတွေပြောကြတယ်အောက်မေ့ဖွယ်အခမ်းအနား တို့ဘာတို့မဟုတ်ဘူး နှစ်ပတ်လည်လည်းမဟုတ်ဘူး နှစ်နှစ်ပြည့်အလေးနီပြုတဲ့အခမ်းအနား ။ကိုယ်တို့အားလုံးက ဦးညွှတ်အလေးနီပြုကြတာ” ဟု ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားဟောင်းတဦးဖြစ်သည့် ကိုညီမင်းသူ၏ဖခင်က မဇ္ဈိမကိုပြောသည်။