လက်စတာနဲ့အတူ သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့သူ အိုကာဇာကီ ကစားသမားဘဝမှ အနားယူတော့မည်

By PK Thawn

၂၀၁၆ မှာ လက်စတာစီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူခဲ့တဲ့ ဂျပန်လက်ရွေးစင်ဟောင်း ရှင်ဂျီ အိုကာဇာကီဟာ ဒီရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဂျပန်မီဒီယာတခုက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ကလော်ဒီယို ရာနီရေရီ လက်ထက်မှာ မြေခွေးတို့ရဲ့ ပထမဆုံး အမှတ်ပေးလိဂ်ဖလား ဆွတ်ခူးရာမှာ လုပ်အားနှုန်းကောင်းတဲ့ တိုက်စစ်မှူးဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ သူဟာ ၂၀၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ် ၃၆ ပွဲ ကစား၊ ငါးဂိုး သွင်းယူပေးခဲ့ပါတယ်။

သူဟာ နယူးကာဆယ်နဲ့ပွဲမှာ အထင်ကြီးလောက်စရာကောင်းတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကြောင့်ပဲ လက်စတာတို့ ၈ ပွဲကျန်အနေထားနဲ့ ဇယားထိပ်မှာ ငါးမှတ်ဖြတ်ထားနိုင်ခဲ့တာပါ။

အိုကာဇာကီဟာ “ဖိအားတွေ အများကြီးလုပ်ပေးနိုင်တာကြောင့် သူဟာ အသင်းအတွက် အများကြီး အရေးပါခဲ့တယ်”လို့ အဆိုပါရာသီအပြီးမှာ ရာနီရေရီက ပြောပါတယ်။

“သူက ကျနော်တို့ရဲ့ အောင်ပွဲကို ဦးတည်စေတဲ့ အားရုံစူးစိုက်မှုနဲ့ ကြိုးစားအားထုတ်မှုကို လှုံ့ဆောင်ပေးသူပါ”လို့ အီတလီလူမျိုးနည်းပြကြီးက ဆိုပါတယ်။ “သူက ကျနော်တို့တွေရဲ့ ကစားသမားတွေကို နှိုးထပေးတဲ့ ခေါင်းလောင်းပါပဲ။”

အသက် ၃၇ နှစ်အရွယ် အိုကာဇာကီဟာ ၁၁၉ ပွဲကစား၊ သွင်းဂိုး ၅၀ ဂိုးဖြင့် ဂျပန်ရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ဖလား သုံးကြိမ်ကစားခဲ့ပြီး ၂၀၁၁ မှာ အာရှဖလားရယူခဲ့တဲ့ ဂျပန်အသင်းမှာ ပါဝင်ခဲ့ပါတယ်။

သူဟာ လက်ရှိမှာ ဘယ်လ်ဂျီယံကလပ် စိန့်ထရူဒင်အသင်းမှာ ရှိနေပြီး ၂၀၁၉ မှာ လက်စတာအသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း စပိန်ကလပ်အများအပြားမှာ ကစားခဲ့ပါတယ်။

အိုကာဇာကီဟာ သူ့ရဲ့ ကစားသမားဘဝကို ဂျေလိဂ်ကလပ် ရှီမီဇူ S-Pulse အသင်းနဲ့ စတင်ခဲ့ပြီး ၂၀၁၅ မှာ လက်စတာကို မပြောင်းခင် စတုဂတ်နဲ့ မိန့်ဇ်အသင်းတွေနဲ့အတူ ဂျာမနီမြေမှာ ကစားခဲ့ပါတယ်။