ဟိုပုံးမြို့ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေယာဉ်ဖြင့် ၄ ကြိမ် မီးလောင်ဗုံးကြဲ

ပုံစာ – ဟိုပုံးမြို့ကပင်လျမ်းဘုန်းတော်ကြီးကျောင်းနှင့် ဆီဆိုင်မြို့နယ်နားခိုက်ကျေးရွာကို စစ်ကောင်စီကလေကြောင်းဖြင့် တိုက်ခိုက်။ Photo PNLA သတင်းနှင့်ပြန်ကြားရေးဌာန

007

(မဇ္ဈိမ)။ ။ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပအိုဝ်းလူမျိုးများ အထွတ်အမြတ်ထားရာ ပင်လျမ်း ဘုန်းတော်ကြီးကျောင်းကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီကလေယာဉ်ဖြင့် မီးလောင်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပင်လျမ်း ဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် လေးကြိမ်တိုင်တိုင် မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတည်ရှိရာနေရာသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA )အပါအဝင် မည်သည့်တပ်မှမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိပါဘဲ တမင်သက်သက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခွင့်ရရန် PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံဆက်သွယ် ထားသော်လည်း အဆက် အသွယ်မရရှိသေးပေ။

“အဲဒီကျောင်းကြီးက ပအိုဝ်းတွေ တအားအလေးအမြတ်ထားတဲ့ကျောင်းကြီးပါ၊ တအားလည်း ခမ်းနားထည်ဝါလှတယ်၊ ဗုံးကြဲချတာက တကြိမ်ထဲမဟုတ်ဘူး၊ လေးကြိမ်ဆိုတော့ ကျောင်းကရစရာမရှိလောက်အောင်ကို ပြာကျ သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင်လည်း ဟိုပုံးမြို့တောင်ဘက်ရှိ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်ခြင်းတို့လည်း ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“နားခိုက်ရွာကို စကစကဗုံးကြဲတယ်၊ စာသင်ကျောင်းနဲ့ အိမ်လေးလုံးပျက်စီးတယ်၊ လေကြောင်းကနေလည်း စက်သေနတ်နဲ့ရမ်းဆွဲသွားသေးတယ်” ဟု အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့တခု၏ သတင်းရင်မြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် နားခိုက်ကျေးရွာမှ အသက် ၆၃ နှစ်အရွယ်ခန့်ရှိသည့် ဖြားခွန်ဆိုသူအမျိုးသားကြီးတဦးသေဆုံးပြီး နေအိမ် လေးလုံးနှင့်စာသင်ကျောင်းတခုပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်သည်။

နားခိုက်ကျေးရွာတွင်လည်း မည်သည့်တပ်မှတပ်စွဲထားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီသည် ပြည်သူ၏အိုးအိမ်စည်းစိမ်များကိုပစ်မှတ်ထားကာ ပြည်သူကို ရန်သူသဖွယ် တိုက်ခိုက်နေခြင်းသည် အလွန်ယုတ်ညံ့သည့်လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်ပင်ဖြစ်ကြောင်း၊ မြေပြင်တိုက်ပွဲ တွင်အထိနာနေသည့် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ လူ့အခွင့်အရေးများ၊ လူ့ကျင့်ဝတ်များအား ပေါ်ပေါ်တင်တင်ကျူးလွန်ချိုးဖောက်နေသဖြင့် ပြည်သူအနေဖြင့် စစ်ကောင်စီ၏လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လုံခြုံစိတ်ချရသည့် ဗုံးခိုကျင်းများတူးထားကြရန် PNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)