PDF များနှင့် မဟာမိတ်တိုင်းရင်းသားများက ကျေးလက်ကို ထိန်းချုပ်ထားပြီး မြို့ပြများကို ဝိုင်းပတ်ပိတ်ဆို့ထားသည်ဟု NUG ၀န်ကြီးချုပ်‌ပြော

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်မိန့်ခွန်း ပြောကြားစဉ်

၀၀၂

(မဇ္ဈိမ)။ ။ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေသည့် NUG လက်အောက်ခံ PDG တပ်များနှင့် မဟာမိတ်တိုင်းရင်းသားတပ်များက သုံးနှစ်တာ ကာလအတွင်း ကျေးလက်ဒေသများကို ထိန်းချုပ်ထားပြီး မြို့ပြများကို ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်မိန့်ခွန်းတွင် ပြောသည်။

“ယခုလက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ အောင်မြင်မှုတွေဟာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းထဲမှာဆိုရင် စိတ်ကူး ယဉ်ကြည့်ဖို့ပင် မဝံ့ရဲခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး၊မဟာမိတ်အရေး၊ သံတမန်အရေး အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှု  တွေဟာ အသက်သွေးချွေးနဲ့ဘဝ ပေါင်းများစွာပေးဆပ်ပြီး မြဲမြံတဲ့ ခံယူချက် ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ နီစွေးတဲ့ ရဲစွမ်း သတ္တိတွေကြောင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

စစ်ကောင်စီမှာ မြန်မာ့သမိုင်းတွင် မကြုံဖူးအောင် အင်အားချည့်နဲ့ လာပြီး ၁၀၂၇ စစ်ဆင်ရေးပြီးနောက် စစ်မြေပြင်တွင် ဗိုလ်မှူးချုပ် အဆင့်ထိကျဆုံး နေကြောင်း၊ လတ်တလောတွင်လည်း နေပြည်တော်အထိ ခြိမ်းခြောက်နိုင်သည့် စစ်ဆင်ရေးများကို ပြုလုပ်လာနိုင်ပြီဟု ဝန်ကြီးချုပ်က ပြောသည်။

ဆုံးရှုံးမှုများနေသည့် စစ်ကောင်စီမှာ အာဏာကိုလွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ကြောင်း၊ ပြည်သူကို စစ်ကျွန်ပြုမည့် အဓမ္မ စစ်သားစုဆောင်းခြင်းကိုပါ လုပ်ဆောင်လာသည်ဟု ဝန်ကြီးချုပ်က ပြောသည်။

” ၎င်းတို့ရဲ့ နောက်ဆုံးနေ့များ နီးလာလေလေ တိုင်းပြည်နဲ့ ပြည်သူလူထုကို အထိနာစေအောင် ပိုမိုရက်စက်စွာ လုပ်ဆောင်လာနေသလို တော်လှန်ရေးအင်အားစုများအကြား သွေးခွဲမှုများနဲ့ နိုင်ငံတကာထောက်ပံ့မှု တမျိုးတဖုံ ရယူနိုင်အောင် ကြိုးပမ်းလာနေတာကိုလည်း အားလုံး အလေးထားသတိပြုဆင်ခြင်ထားဖို့ လိုမယ်လို့သတိပေးပြောကြားလိုပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

တော်လှန်ရေးအဖွဲ့များက နယ်စပ်ကုန်သွယ်ရေးမြို့များကိုပါ သိမ်းပိုက်လာနိုင်သဖြင့် နွေဦးတော်လှန်ရေးမှာ အောင်ပွဲဆီ နီးကပ် လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူလူထု၏ ဇွဲရှိမှု၊ ယုံကြည်ချက် မျှော်လင့်ချက်ပြင်းပြမှု၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းနိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရန် ကြိုးပမ်းမှုများကို အသိအမှတ်ပြု အားပေးကာ နိုင်ငံရေးအရလိုအပ်သည့် ပံ့ပိုးကူညီမှုများနှင့် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်ပေးကြရန် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတောင်းဆိုသည်။

ဘုံရည်မှန်းချက်များတူသည့် နိုင်ငံရေးအင်အားစုများအားလုံး စုစည်း ပြီးတော်လှန်ရေးကို အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ လက်ရှိအောင်မြင်မှုများ၏ အရှိန်အဟုန်မောင်းနှင်မှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ် ထူထောင်ရေး ဆက်လက်တိုက်ပွဲဝင်သွားကြရန် မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG )ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး