ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့

ပုံအညွှန်း- မီးရှို့ခံရသည့် တောင်ရွာသစ်ကျေးရွာမှ နေအိမ်များ ၊ ဓာတ်ပုံ- ပုလဲ ပအဖ

ပုံအညွှန်း- မီးရှို့ခံရသည့် တောင်ရွာသစ်ကျေးရွာမှ နေအိမ်များ ၊ ဓာတ်ပုံ- ပုလဲ ပအဖ

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၁၀ နာရီ အချိန်တွင် တောင်ရွာသစ်ကျေးရွာကို ထပ်မံ မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။

“ ရွာရဲ့ နေရာ သုံးခုလောက်ကို ခွဲပြီး မီးရှို့သွားတာ ပါ။ စစ်ကြောင်းနဲ့ အရမ်းနီးကပ်နေတာ ဖြစ်တဲ့ အတွက် မီးလောင်အိမ်ခြေ စာရင်းကို အတည်မပြုနိုင်သေးဘူး” ဟု မီးလောင်အိမ်ခြေ စာရင်းပြုစုနေသူ ဒေသခံတဦးက ဆိုသည်။

ယမန်နေ့က နှစ်ကြိမ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရဿည်။

ပုလဲမြို့ပေါ်မှ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ကန့်ဒေါင့်အထိုင်စခန်းတွင် ရိက္ခာလာရောက်ဖြည့်တင်းရင်း စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ပုလဲ ပအဖ တာဝန်ခံ ကိုဇော်ထက်က ဆိုသည်။

“ ပျူရွာတွေမှာ အထိုင်ချထားတဲ့ တပ်စခန်းတွေဟာ စစ်ကြောင်းမရှိဘဲနဲ့ အပြင်မထွက်ရဲကြပါဘူး။ ရိက္ခာပြတ်လတ်နေတဲ့ အချိန်အခါတွေမှာ စစ်ကြောင်းတွေရဲ့ အကူအညီနဲ့ အခြားရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို အတင်းအဓမ္မ ခိုယူကြတာပါ။ ဒီနည်းဖြင့် အမြဲတန်း လုပ်နေတဲ့ အတွက် ပျူစခန်းနဲ့ နီးတဲ့ ရွာတွေကတော့ အမြဲတန်းလိုလို ဆုံးရှုံးမှူတွေ ဖြစ်နေရတယ်” ဟု ၎င်း က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ပုလဲမြို့နယ်အတွင်းရှိ တနယ် ၊ လှော်ကား ၊ မင်းတိုင်ပင် ၊ အင်ကြင်းစု ၊ သရက်ကန် နှင့် ဆူးပုတ်ကုန်း စသည့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ဦးရေ ၁၂,၀၀၀ ခန့် စစ်ရှောင်နေရကြရပြီး စစ်ရှောင်ပြည်သူများကို နီးစပ်ရာ ရပ်ကျေး ပအဖ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး နေရေးထိုင်ရေး စီစဉ်ပေးထားကြောင်း ပုလဲ ပအဖ ထံက သိရသည်။

အိမ်ခြေ ၃၀၀ ခန့် ရှိသည့် တောင်ရွာသစ်ကျေးရွာကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ လတွင်လည်း စစ်ကောင်စီတပ်က ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း မင်းတိုင်ပင်ကျေးရွာရှိ နိုင်ငံတော်ပိုင် သစ်စက် နှင့် နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး