ပုဏ္ဏားကျွန်းသို့ လာသည့် စစ်ကူစစ်‌ကြောင်းကို AA တိုက်ခိုက်၊ သံချပ်ကာယာဉ် ၂ စီး မီးလောင်ပျက်စီး

002၊ 001

(မဇ္ဈိမ)။ ။တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်းသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်‌ကြောင်းကို ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီ ၂၈ မိနစ်တွင် တိုက်ခိုက်ရာ သံချပ်ကာယာဉ်နှစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

‌ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော စစ်ကောင်စီ၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်က ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား နှစ်စီးကိုလည်း အဆိုပါနေရာတွင်ပင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။

စစ်ကောင်စီကလည်း ခမရ (၅၅၀) တပ်ရင်း မကျဆုံးစေရန် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် ခုခံကာကွယ်နေကြောင်း သိရသည်။

AA က သိမ်းပိုက်ရန် ဆောင်ရွက်နေသည့် ခမရ (၅၅၀) တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်တွင်အခြေစိုက်သည့် စစ်ကောင်စီ၏ တခုတည်းသော တပ်ရင်းဖြစ်သည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့တွင် တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသခံများ မြို့လုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြို့အတွင်း ပျက်စီးဆုံးရှုံးမှုများလည်း များပြားကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့နှင့် မိုင် ၂၀ ခန့်အကွာအဝေးတွင်တည်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နှင့် ချင်းပြည်နယ် ပလက်ဝဒေသကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း- ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းနှင့် AA တို့ နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်း ခုနစ်လောင်းနှင့် လက်နက်ခဲယမ်းများကို ရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစစ်‌ကြောင်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို AA က လိုက်လံတိုက်ခိုက်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထို့အပြင်ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်း တခုလုံး သိမ်းပိုက်ရရှိရေးအတွက် AA ကထိုးစစ်ဆင်နေပြီး အလုံးစုံ သိမ်းပိုက်နိုင်ရန် လက်တကမ်းအကွာသို့ ရောက်ရှိနေပြီဟု AA၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ