တရုတ်တွင် ဂျင်နရယ်မော်တာ ကားကုမ္ပဏီ ပြိုလဲရသည့် အကြောင်းအရင်း

The HK Post

တရုတ်နိုင်ငံသည် General Motors ကားကုမ္ပဏီ၏ ဒုတိယအကြီးဆုံး ဈေးကွက်ဖြစ်ခဲ့ပြီး ၂၀၁၀ မှ ၂၀၁၇ ခုနှစ်အတွင်း ကားအစီးရေ လေးသန်းအထိ ရောင်းအားရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခွဲခန့်က General Motors ၏ စတော့ခ်ရှယ်ယာဈေးနှုန်းသည် မျက်မှောက်ကာလထက် နှစ်ဆနီးပါးအထိ ရှိခဲ့သည်။ သို့သော် ယင်းကုမ္ပဏီ၏ စတော့ခ်ရှယ်ယာများကို ၁၀ နှစ်ကျော် ကိုင်ထားခဲ့သည့် ရင်းနှီးမြှုပ်နှံသူများသည် ယခုအခါ General Motors ကားထုတ်လုပ်ရေးကုမ္ပဏီမှ ထွက်ခွာနေကြသည်။ ဝါရင့်ဘက်ဖ်ဖက် ဦးဆောင်သည့် အမေရိကန်ရှိ နိုင်ငံတကာ ကုမ္ပဏီတခုဖြစ်သော Berkshire Hathaway Incorporation သည် General Motors ရှိ ၎င်း၏ ဒေါ်လာ ၂၂ သန်း တန်ကြေးရှိ ရှယ်ယာများ အားလုံးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ကုမ္ပဏီကြီးသည် ၎င်းရင်းနှီးမြှုပ်နှံထားသည့် မည်သည့်ကုမ္ပဏီနှင့်မျှ ယင်းကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ဖူးခြင်း မရှိပေ။ General Motors ကုမ္ပဏီ၏ ဝင်ငွေနှင့် ရောင်းအားသည် တရုတ်နိုင်ငံတွင် တုန်လှုပ်ဖွယ် ပြိုလဲကျဆင်းသွားရသည့် အကြောင်းအရင်းမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ General Motors သည် ၂၀၁၈ ခုနှစ်တွင် အမြတ်ငွေ ဒေါ်လာ နှစ်ဘီလီယံကျော် ရရှိခဲ့သည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် အမြတ်ငွေ ဒေါ်လာသန်း ၄၄၀ အထိ ထိုးကျသွားခဲ့သည်။ ငွေကြေးဖောင်းပွမှု ပါဝင်နေသည့်အချက်နှင့် အမှန်တကယ်တွင် ဒေါ်လာသန်း ၃၅၀ နီးပါးသာ ရှိနိုင်သည်ဟု ထည့်သွင်းစဉ်းစားပါက အဆိုပါ ပမာဏသည် ပိုမိုဆိုးရွားနိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် ကျဆင်းနေသည့် General Motors ၏ ဝင်ငွေများသည် လာမည့် တနှစ်၊ နှစ်နှစ်အတွင်း ပိုမိုဆိုးရွားလာနိုင်သည်။ ဆိုလိုသည်မှာ ယင်းကားကုမ္ပဏီအနေဖြင့် ပြိုလဲမှုမှ ကယ်ဆယ်နိုင်မည့် လုပ်ဆောင်ချက်အချို့ကို ဆောင်ရွက်ခြင်းမရှိပါက များမကြာမီ အလုံးစုံ ပြိုလဲသွားနိုင်သည်။

ဒက်ထရွိုက်အခြေစိုက် ကားကုမ္ပဏီသည် တရုတ်တွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ပထမ ဆယ်စုနှစ်နှစ်ခုအတွင်း ရောင်းအားအလွန်ကောင်းခဲ့ပြီး တရုတ်နိုင်ငံတွင် ကားအစီးရေ သန်းချီရောင်းချထားသည့် ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်သော်လည်း GM ၏ ရောင်းအားသည် အထိန်းအကွပ်မရှိ ဆက်လက်ကျဆင်းနေဦးမည် ဖြစ်သည်။ GM ၏ အထင်ကရ ကားမော်ဒယ်များဖြစ်သော Buick Cadillac နှင့် Chevrolet များကြောင့် ကုမ္ပဏီ၏ ရောင်းအားသည် ၂၀၁၈ ခုနှစ်အထိ တနှစ်လျှင် ဒေါ်လာ ၂ ဘီလီယံအထိ ရောင်းအား သိသိသာသာ မြင့်တက်စေခဲ့သည်။ သို့သော် ကိုရိုနာကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပြီးခဲ့သည့်နှစ်တွင် GM ၏ ရောင်းအားသည် ၃၄ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားခဲ့သည်။ GM ကုမ္ပဏီသည် တရုတ်မှ ဆုံးရှုံးမှုများကို ၂၀၂၄ ခုနှစ် ပထမ သုံးလအတွင်း ပြန်အဖတ်ဆယ်ရန် ရည်မှန်းထားပြီး ကားထုတ်လုပ်ရေးနှင့် တီထွင်ဆန်းသစ်ရေးကို အာရုံစိုက်လုပ်ဆောင်မှုများ စတင်နေပြီဖြစ်သည်။

လောလောဆယ် GM ၌ တရုတ်နိုင်ငံတွင် မရောင်းရသေးသော ကားအစီးရေ ထောင်ချီရှိနေသည်။ လျှပ်စစ်ကားနှင့် ပတ်သက်လာလျှင် တရုတ်ဝယ်လက်များစုသည် GM ကုမ္ပဏီထုတ်ကားများကို မကြိုက်ကြပေ။ GM ၏ ရောင်းအားကျဆင်းမှုကို တရုတ်နိုင်ငံသားများက သတိထားမိပြီး Mitsubishi နှင့် Jeep ကုမ္ပဏီတို့ကဲ့သို့ တရုတ်နိုင်ငံပြင်ပရှိ နေရာများသို့ ပြောင်းရွှေ့မည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်ခဲ့သေးသည်။ ပြီးခဲ့သည့် ရှစ်လအတွင်း တရုတ်နိုင်ငံမှ ကားထုတ်လုပ်ရေးကုမ္ပဏီများ အစုလိုက်အပြုံလိုက် ထွက်ခွာမှု ပေါ်ပေါက်ခဲ့သည်။ General Motor ၏ ဈေးကွက်ဝေစုသည် ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ကားဈေးကွက်တခုလုံး၏ ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ထို့နောက် ရှစ်ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကာ ၎င်း၏ တရုတ်နိုင်ငံအတွင်း ရောင်းအားသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအတွင်း ရောင်းအားထက် လျော့နည်းသွားခဲ့သည်။ GM ၏ လက်ရှိ တရုတ်နိုင်ငံအတွင်းရောင်းအားသည် ၂၀၁၇ ခုနှစ်တွင် အမြင့်ဆုံးရောင်းချခဲ့ရမှုအောက် ၅၀ ခိုင်နှုန်းကျော် လျော့ကျသွားခြင်းမှာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်။ တရုတ်နိုင်ငံတွင် ရောင်းအားနှင့်ပတ်သက်၍ ရုန်းကန်နေရသည့် အကြောင်းအရင်းများကို GM ကုမ္ပဏီ ခေါင်းဆောင်များက သတိထားမိကြသည်။ ဈေးနှုန်းအရ ဆွဲဆောင်မှုရှိသည့် ပြည်တွင်းကားကုမ္ပဏီများကို GM ထက်ပို၍ မျက်နှာသာပေးသည့် ပြည်တွင်းဘက်လိုက်မှုကြောင့် အဓိကဖြစ်ကြောင်း ပြောဆိုထားသည်။

GM ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ လျှပ်စစ်ကား(EV)ကဏ္ဍတွင် ၎င်း၏ ယှဉ်ပြိုင်နိုင်မှုကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ လျှပ်စစ်ကား အမျိုးအစားသစ်များကို စတင်ထုတ်လုပ်ခဲ့ပြီး CadillacLyriq၊ Optiq၊ Vistiq နှင့် Buick ကဲ့သို့သော SUV အမျိုးအစား လျှပ်စစ်ကားသစ်များကို မိတ်ဆက်ခဲ့သည်။ Buick သည် GM ကုမ္ပဏီမှ ထုတ်လုပ်သည့် ဈေးသက်သာသော လျှပ်စစ်ကားမော်ဒယ်ဖြစ်သည်။ သို့သော် GM ရောင်းအား၏ ၉၅ ရာခိုင်နှုန်းသည် လောင်စာအင်ဂျင်သုံးကားများအပေါ်တွင်သာ မူတည်နေသေးပြီး ကုမ္ပဏီအနေဖြင့် လျှပ်စစ်ကားများဖြင့် ၎င်း၏ ရောင်းအားလမ်းကြောင်းကို ပြောင်းလဲရန် မည်သို့ဆောင်ရွက်မလဲဆိုတာ မသေချာသေးပေ။

ယခုနှစ် ဇန်နဝါရီလတွင် ရောင်းအားအနည်းငယ်တိုးလာပြီး ဖေဖော်ဝါရီလအတွက် အလားအလာကောင်းအဖြစ် ဆက်ရှိနေသည်ဟု Cadillac ၏ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဋ္ဌြဖစ်သူ ဂျွန်ရော့သ်က ပြောကြားခဲ့သည်။ GM သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လျူကျိုးမြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး SAIC Motor၊ General Motors နှင့် Guanxi Auto ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော SAIC-GM-Wuling အကျိုးတူပူးပေါင်းဆောင်ရွက်မှုမှ စတော့ရှယ်ယာပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ များစွာမျှော်လင့်ထားသည်။ GM သည် တရုတ်နိုင်ငံတွင် အလွန်ဈေးသက်သာသော လျှပ်စစ်ကားများကို ထုတ်လုပ်နေသည့် SAIC-GM-Wuling မိတ်ဖက်ကုမ္ပဏီတွင် ရှယ်ယာ ၃၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ လက်ရှိတွင် ၎င်းကုမ္ပဏီသည် တရုတ်ဈေးကွက်ကို သိမ်းပိုက်ထားပြီး တရုတ်ရှိ လျှပ်စစ်ကားရောင်းအား၏ ၅၀ ရာခိုင်နှုန်းကို ရရှိထားသည်။ သို့သော် တရုတ်ရှိ SAIC-GM-Wuling ကုမ္ပဏီ ရောင်အား၏ သုံးပုံတပုံကိုသာ ပိုင်ဆိုင်ခွင့်ရှိသော GM အတွက် ပြီးပြည့်စုံသော အောင်မြင်မှုတခု မဟုတ်ပေ။

GM ကုမ္ပဏီသည် တရုတ်တွင် ဇိမ်ခံကားများကို ရောင်းချရန် စီစဉ်လျက်ရှိသည်။ သို့သော် တရုတ်ရှိ ပြည်ပကုမ္ပဏီများအတွက် ရေရှည်တည်တံ့မှုဆိုင်ရာရွေးချယ်စရာများနှင့် တင်းကျပ်သော မူဝါဒများကြောင့် GM အနေဖြင့် ခရောင်းလမ်းကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ ထို့ပြင် မာစီဒီး Benz နှင့် BMW ကဲ့သို့သော အခြားကားအမှတ်တံဆိပ်များနှင့် နှိုင်းယှဉ်ပါက GM ထုတ် ဇိမ်ခံကားများသည် တရုတ်ဝယ်လက်များ မည်မျှ အကြိုက်တွေ့မလဲဆိုတာ ခန့်မှန်းရခက်သည်။