နောင်ချိုမြို့နယ်တွင် လေကြောင်းနှင့် လက်နက်ကြီးကျပြီး ၉ ဦး သေဆုံး

ဓာတ်ပုံ- ပုံဟောင်း

မဇ္ဈိမ

အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် သံဃာတော်တပါး အပါအဝင် ကိုးဦးသေဆုံးသွားကြောင်း မေလ ၂၀ ရက်နေ့ ထုတ်ပြန်သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိပြီး ထိုထိခိုက်၊ သေဆုံးမှု အရေအတွက်သည် ဧပြီလ ၁၅ ရက်မှ မေလ ၁၆ ရက်နေ့အထိ စာရင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

ဒေသခံ ၃,၀၀၀ ကျော်သည်လည်း နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သင်္ကြန်ကာလ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူနေသည့် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီးနောက် တိုက်ပွဲများသည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်စပ်များသို့ ပျံ့နှံ့သွားခဲ့သည်။

တိုက်ပွဲများသည် နောင်ချိုမြို့နယ် ဇာလီရွာ၊ ပါဟပ်ရွာနှင့် ဘန်းဘွေးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပျံ့နှံ့ သွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း များကိုပြုလုပ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် နေရာများတွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာများလည်း ပါဝင်ကြောင်း သိရသည်။

သေဆုံးသူများတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးပါဝင်ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး ငါးဦး၊ အမျိုးသားတဦးနှင့် အသက် ၅၀ ဝန်းကျင် သံဃာတော် တပါးဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

စာတည်း။ ။ နောင်နောင်