ပြည်ပရှိကုမ္ပဏီများ၏ လုပ်သားအခွင့်အရေးချိုးဖောက်မှုအပေါ် တရုတ် တာဝန်ယူသင့်

ပုံ-တရုတ်နီကယ်ကုမ္ပဏီများရှိရာ အင်ဒိုနီးရှား ဆူလာဝေစီကျွန်းရှိ မိုရိုဝါလီစက်မှုဇုံ

ပုံ-တရုတ်နီကယ်ကုမ္ပဏီများရှိရာ အင်ဒိုနီးရှား ဆူလာဝေစီကျွန်းရှိ မိုရိုဝါလီစက်မှုဇုံ

The Diplomat

နိုင်ငံရပ်ခြားရှိ တရုတ်ကုမ္ပဏီများတွင် အလုပ်လုပ်နေသော တရုတ်အလုပ်သမား အများအပြားသည် ဆိုးရွားသော အခြေအနေများကို ကြုံတွေ့ခံစားနေရသည်။

ဥပမာအားဖြင့် အင်ဒိုနီးရှားရှိ တရုတ်ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတခုဖြစ်သော နီကယ်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်အားခနှုတ်ယူမှုနှင့် အလွန်ညံ့ဖျင်းသော ဘေးကင်းရေးစီမံချက်များကျင့်သုံးမှု ကဲ့သို့သော အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိကြောင်း တရုတ်အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့က စုံစမ်းတွေ့ရှိခဲ့သည်။

အလုပ်ရှင်များက ထိုအလွဲသုံးစားမှုများအတွက် ပြစ်တင်ခံရမှုအများအပြားကို ခံကြရသော်လည်း ၎င်းတို့သာလျှင် တာဝန်ရှိသည်ဟု ထင်မှတ်ခြင်းမှာ မမှန်ပေ။ အိမ်ရှင်နိုင်ငံများသည်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အတိုင်းအတာကို လျှော့ချရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည်။ သို့သော် ကွန်မြူနစ်ပါတီက နိုင်ငံနှင့် တရုတ်လူမျိုးများ၏ ကဏ္ဍပေါင်းစုံကို ထိန်းချုပ်ရန် လုပ်ဆောင်နေရသောကြောင့် တပါတီကြီးစိုးသော တရုတ်နိုင်ငံသည် အဆုံးစွန်တာဝန်ယူသင့်သည်။

ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ် (PBW) ခေါ် အစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာလုပ်ဆောင်ချက်များတွင် ပုံမှန် သို့မဟုတ် ပုံမှန်မကျင်းပသော အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီ (CCP) ဗျူရိုကရေစီအတွင်း မူဝါဒစာတမ်းများနှင့် အလုပ်မူဝါဒများကို လေ့လာမှုများ ပါဝင်သည်။ ရည်ရွယ်ချက်မှာ “တရုတ်ဝိသေသလက္ခဏာများပါရှိသော ဆိုရှယ်လစ်ဝါဒ” ကဲ့သို့ အယူဝါဒများကို လက်ခံကျင့်သုံး ဝါဒဖြန့်ရန်နှင့် CCP ၏ ထုံးတမ်းစဉ်လာများနှင့် ဗဟိုအဖွဲ့၏ ခေါင်းဆောင်မှုအပေါ် သစ္စာစောင့်သိစေရန်ဖြစ်သည်။

PBW လှုပ်ရှားမှုများသည် မကြာသေးမီက အရှိန်မြင့်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှစတင်၍ တရုတ်အစိုးရပိုင်လုပ်ငန်းများ (SOEs) ၏ ကော်ပိုရိတ်စည်းမျဉ်းလိုက်နာမှုဆိုင်ရာ အရေးပါသော အစိတ်အပိုင်းတခုအနေဖြင့် ပုံမှန် PBW လှုပ်ရှားမှုများကို မဖြစ်မနေလုပ်ရန် မူဝါဒများ ထုတ်ပြန်ခဲ့သည်။ အခြားတရုတ်အဖွဲ့အစည်းများလည်း များမကြာမီ ထိုစည်းမျဉ်းလိုက်နာခဲ့ရသည်။ ၂၀၁၈ ခုနှစ်တွင် CCP ဗဟိုကော်မတီသည် CCP အဖွဲ့ဝင် ၃ ဦး သို့မဟုတ် ထိုထက် ပိုပါရှိသော အသင်းအဖွဲ့နှင့်အဖွဲ့အစည်းများအနေဖြင့် PBW ကို အကောင်အထည်ဖော်ရန် ပါတီရုံးခွဲများကို တည်ထောင်ရမည်ဟု စည်းမျဉ်းတခုထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည့် CCP အဖွဲ့ဝင် ၉၈ သန်းကျော်ရှိသောကြောင့် ပျမ်းမျှအားဖြင့် အနည်းဆုံး တရုတ်နိုင်ငံသား ၄၅ ဦးကို အလုပ်ခန့်ထားသော ကုမ္ပဏီတွင် CCP အဖွဲ့ဝင် ၃ ဦးရှိနိုင်သည်။ ကမ္ဘာတဝန်းရှိ တရုတ်နိုင်ငံမှ လည်ပတ်နေသော အဖွဲ့အစည်းများတွင် CCP နှင့် ဆက်နွှယ်၍ ရန်ပုံငွေယူထားသော လှုပ်ရှားမှုအနေဖြင့် ပါတီရုံးခွဲများဖွင့်ပြီး PBW လုပ်ငန်းစဉ်များကိုလုပ်ဆောင်ကာ CCP ၏လှုပ်ရှားမှုများ ကမ္ဘာတဝန်းကျယ်ပြန့်လာသည့် အမှတ်အသားပင်ဖြစ်သည်။

တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကျောင်းသားများသည် နိုင်ငံခြားတွင် အခွင့်အလမ်းများ ပိုမိုရှာဖွေလာကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းများရှိ တရုတ်နိုင်ငံသားများသည် အဓိကအားဖြင့် CCP ၏ ထိန်းချုပ်မှုမှ လွတ်မြောက်နေသဖြင့် ပါတီအတွက် မတည်မငြိမ်ဖြစ်အန္တရာယ်အဖြစ် အချက်ပြနေသည်။ နိုင်ငံရပ်ခြားတွင် PBW လှုပ်ရှားမှုမြင့်တက်မှုသည် လက်ရှိခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အရွေ့ဖြစ်ဟန်ရှိသည်။

ပြည်ပရှိ တရုတ်ကုမ္ပဏီများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ အဖြစ်များနေပြီး PBW က ကြိုးစားနေသည့် တရုတ်၏ပုံရိပ်ကို လွှမ်းမိုးသွားကြောင်း မီဒီယာများနှင့် တရုတ်အလုပ်သမားအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြကြသည်။ အလုပ်ချိန်ကြာမြင့်မှု၊ လုပ်အားခနှုတ်ယူမှု၊ နေထိုင်ရေးနှင့် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှု၊ ကျန်းမာရေးနှင့် ဘေးကင်းရေးစီမံချက် ညံ့ဖျင်းမှုနှင့် အဓမ္မအလုပ်ခိုင်းစေမှုတို့သည် တရုတ်ကုမ္ပဏီများတွင် တွေ့ရလေ့ရှိသည်။ အလုပ်သမားများအား အလုပ်ရှင်အသစ်ရှာပြီး မထွက်သွားနိုင်စေရန် နိုင်ငံကူးလက်မှတ်သိမ်းဆည်းခြင်းသည်လည်း လုပ်ရိုးလုပ်စဉ်တခုဖြစ်သည်။ တရုတ်အလုပ်သမားများကို ဒေသခံအလုပ်သမားများနှင့် ဒေသခံအသိုင်းအဝိုင်းများနှင့် သီးခြားဖြစ်နေစေရန် ရုပ်ပိုင်းဆိုင်ရာ ခွဲခြားမှုလုပ်ဆောင်ထားသည်။ တရုတ်လူမျိုးများနေရာချပေးထားသည့်နေရာများသည် အများအားဖြင့် ဝင်ပေါက်နှင့် ထွက်ပေါက်များကို တင်းကျပ်ထားသည့် အဝန်းအဝိုင်းတွင်ရှိတတ်ပြီး တရုတ်အလုပ်သမားများသည် ၎င်းတို့ခံစားရသည့် ညှဉ်းပန်းနှိပ်စက်မှုကို ပြင်ပကမ္ဘာသို့ ဖွင့်ဟမှုအတွက် နောက်ဆက်တွဲဂယက်များ ကြုံတွေ့နေရသည်ဟု ဆိုသည်။

စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ တရုတ်တာဝန်ရှိသူများသည် တရုတ်အလုပ်သမားဥပဒေများကို လိုက်နာရမည်ဖြစ်သော်လည်း အထက်ပါအခြေအနေများ အားလုံးမှာ ဖြစ်ပျက်လျက်ရှိသည်။ တရုတ်အစိုးရသည် ထိုအဖွဲ့အစည်းများ အထူးသဖြင့် တရုတ်အစိုးရပိုင်လုပ်ငန်းများ (SOE) များတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအတွက် ငြင်းဆို၍မရဘဲတာဝန်ခံရပေမည်။

တရုတ်အစိုးရသည် နိုင်ငံရပ်ခြားတွင် ထိုအလုပ်သမားဥပဒေများ အကျုံးမဝင်ကြောင်းပြောဆိုခြင်းဖြင့် ခေါင်းရှောင်နိုင်ဖွယ်နိုင်သော်လည်း ပြည်ပရှိ တရုတ်အစိုးရပိုင်လုပ်ငန်းများနှင့် ပူးတွဲထားသော ပါတီရုံးခွဲများသည် CCP ၏ ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေဆဲဖြစ်သည်မှာထင်ရှားသည်။ ပါတီတည်ဆောက်ရေးလုပ်ငန်းစဉ် (PBW) သည် ကမ္ဘာတဝန်းတွင် တရုတ်အတွက်ပုံရိပ်ကောင်းကိုဖန်တီးရန် ရည်ရွယ်သော်လည်း တရုတ်အစိုးရပိုင်လုပ်ငန်းများရှိ ကွန်မြူနစ်ပါတီဝင်များသည် ပြည်ပတရုတ်ကုမ္ပဏီများရှိ ခေါင်းပုံဖြတ်ခံနေရသော တရုတ်အလုပ်သမားများ၏ ကောင်းကျိုးချမ်းသာကို စိတ်ဝင်စားပုံမပေါ်ပေ။

PBW လုပ်ငန်းစဉ်များသည် တရုတ်နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာအတွက် မလုပ်ဆောင်နိုင်သည်မှာ ဆိုးရွားသည်ဟုဆိုရပေမည်။ CCP သည် နိုင်ငံရပ်ခြားရှိ လုပ်ငန်းများတွင် ပျံ့နှံ့ ထိန်းချုပ်နေခြင်းကြောင့် အဆိုပါကုမ္ပဏီများကျူးလွန်သော အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံရမည့်အရေးမှ ရှောင်ပြေး၍မဖြစ်ပေ။