တရုတ်စစ်တပ်တွင်း ရာထူးဖြုတ်ထုတ်ရှင်းလင်းမှုများက အကျင့်ပျက်ခြစားမှုနှင့် အားနည်းချက်တို့ကို ပြသနေဟု ဆို

Arms Control Association

တရုတ်သည် အမျိုးသား ပြည်သူ့ကွန်ဂရက်ဟု ခေါ်သည့် လွှတ်တော်ထဲမှ စစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ဖယ်ရှားထုတ်ပယ်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်က စစ်တပ်ရာထူးအကြီးပိုင်းများအတွင်းရှိ အကျင့်ပျက်ခြစားမှုကို လှစ်ဟဖော်ပြသလို စစ်တပ်ကို ခေတ်မီအောင်လုပ်မည့် သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းဆောင်ရွက်ချက်ကိုလည်း နှေးကွေးစေနိုင်ကြောင်း အကဲခတ်များက ပြောဆိုကြသည်။

တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြု အဖွဲ့ဖြစ်သည့် အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ထိပ်တန်း စစ်ဘက်အရာရှိကြီး ကိုးဦးကို ထုတ်ပယ်လိုက်ကြောင်း ဒီဇင်ဘာ ၂၉ ရက်က ကြေညာခဲ့သည်။

ဖယ်ရှားရှင်းလင်းခံရသူများအနက် တချို့သည် နိုင်ငံ၏ သမားရိုးကျ နှင့် နျူကလီးယားဆိုင်ရာ မြေပြင်အခြေပြု ဒုံးကျည်များကို ကြီးကြပ်ခြင်းအတွက် တာဝန်ရှိသည့် PLA ဒုံးကျည်တပ်ဖွဲ့မှ အကြီးတန်းအရာရှိများဖြစ်သည်။

အဆိုပါ ရာထူး ဖယ်ရှားသန့်စင်မှုနှင့်ပတ်သက်ပြီး တရုတ်အာဏာပိုင်တို့က ရှင်းလင်းပြောဆိုခြင်း မရှိသော်လည်း “စစ်တပ်ကို ခေတ်မီအောင် လုပ်မည့် သမ္မတ ရှီ၏ ကြိုးပမ်းမှုများကို တိုက်စားလျော့ပါးစေခဲ့သည့် စစ်ပွဲတပွဲ တိုက်ရန် တရုတ်၏ လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်စေခဲ့သည့် ပျံ့နှံ့နေသော အကျင့်ပျက်ခြစားမှုများ” ကြောင့် အဆိုပါ ရာထူးဖယ်ရှားရှင်းလင်းမှုတို့ ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း ဘလွန်းဘတ်ဂ်က ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြသည်။

ဒုံးကျည်များ ထိရောက်စွာ ပစ်လွှတ်မှုအပေါ် ထိခိုက်တိုက်စားစေသည့် ကိစ္စများဖြစ်သည့် ဒုံးများကို ပစ်ရန် အသင့်ထောင်လျက်ထားရာ မြေအောက်ကျီများအတွက် ကောင်းစွာ အလုပ်မလုပ်သည့် အဖုံးများနှင့် လောင်စာ အစား ရေဖြင့် ဖြည့်ထားသည့် နျူကလီးယားဒုံးများ စသည်တို့က အဆိုပါ အကျင့်ပျက်ခြစားမှု မကောင်းသတင်းနှင့် ပတ်သက်နေကြောင်း အမည်မဖော်သည့် အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်တဦးကို ကိုးကားလျက် ဘလွန်းဘတ်ဂ်က ဖော်ပြသည်။

“တရုတ်သမ္မတ ရှီအနေဖြင့် လာမည့်နှစ်များအတွင်း အဓိက စစ်ရေးလုပ်ဆောင်ချက်ကို ချိန်ဆနိုင်ခြေ နည်းပါးသည်ဟု အမေရိကန်အရာရှိများက လက်ရှိတွင် ထင်မြင်ယူဆရသည်အထိ တရုတ်နိုင်ငံ၏ ဒုံးတပ်ဖွဲ့အတွင်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်နယ်ပယ်တခုလုံးအတွင်း အကျင့်ပျက်ခြစားမှုများက ကျယ်ပြန်လွန်းနေသည်” ဟု သတင်းရင်းမြစ်က ဘလွန်းဘက်ဂ်ကို ပြောသည်။

တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီက ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သော ၂၀၂၄ ၏ ပထမဆုံး ထုတ်ပြန်ကြေညာချက်တွင် ရှင်းလင်းပြောဆိုရာတွင် ရာထူးဖြုတ်ထုတ်ဖယ်ရှားခြင်း၏ အကြောင်းရင်းက “ဥပဒေနှင့် စည်းကမ်းပိုင်းတွင် သံသယဖြစ်ဖွယ် ကြီးလေးသည့် ချိုးဖောက်မှုများ” ကြောင့် ဖြစ်သည်ဟု ပြောဆိုထားပြီး ထိုအသုံးအနှုန်းသည် အကျင့်ပျက်ခြစားမှုကို ရည်ညွှန်းရာတွင် ပုံမှန်သုံးနှုန်းနေကျ အသုံးအနှုန်းစကားရပ်တခုဖြစ်သည်။

စစ်ဘက်ပစ္စည်းကိရိယာ ဖွံ့ဖြိုးရေးဌာန အကြီးအကဲဟောင်းနှင့် ဒုံးတပ်ဖွဲ့ တပ်မှူးဟောင်းများ အပါအဝင် စစ်ဘက်အရာရှိလေးဦးကို ရာထူးထုတ်ပယ်ခြင်းကို စက်တင်ဘာ ၂၆ နှင့် ဒီဇင်ဘာ ၅ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း အမြဲတမ်းကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ယခု ရာထူးဖြုတ်ထုတ်ရှင်းလင်းမှုက သမ္မတရှီကျင့်ဖျင် အစိုးရအောက်ရှိ ဦးတည်ရာတခု၏ တစိတ်တဒေသဖြစ်သည်။ ၂၀၂၂ ခုနှစ်က ရာထူးကြီး အဆင့်မြင့်အရာရှိများကို အကြီးစား ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုတခု လုပ်ဆောင်ပြီးနောက် နှစ်နှစ်ပင် မရှိသေးခင် ၂၀၂၃ တွင် တရုတ်သည် ထိပ်တန်းအရာရှိများကို ရာထူးထုတ်ပယ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ပြီး အဆိုပါ ရာထူးထုတ်ပယ်ခံရမှုများတွင် ဇွန်လ၌ PLA ဒုံးကျည်တပ်ဖွဲ့ အကြီးအကဲ လီ ယူချောင်း၊ ဇူလိုင်တွင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် စက်တင်ဘာလတွင် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူတို့ ပါဝင်ခဲ့သည်။