မန္တလေးတွင် အသက်ပြည့်မီသူတိုင်း စစ်မှုထမ်းရန် ၁ အိမ် ၁ ယောက်နှုန်းဖြင့် ခေါ်ယူစည်းရုံး

Photo- AFP

Photo- AFP

007

(မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် အသက်ပြည့်မီသူတိုင်း စစ်မှုထမ်းရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တအိမ်တယောက် အစည်းအဝေးခေါ်ယူ စည်းရုံးနေကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ မြို့ခံများက မဇ္ဈိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ရပ်ကွက်ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် နေရာများသို့ ရပ်ကွက်အလိုက် တအိမ်တယောက် ခေါ်ယူပြီး စစ်မှုထမ်းရမည့်ကိစ္စ ခေါ်ယူစည်း ရုံးနေခြင်းဖြစ်ကြောင်း ဆိုသည်။

“တအိမ်တယောက် မလာမနေရဆိုလို့ သွားခဲ့ရတယ်၊ ဟိုရောက်တော့ ထင်တဲ့ အတိုင်းပဲ စစ်မှုထမ်းရမယ့်ကိစ္စ ပြောတာ၊ အုပ်ကြီးတွေက ဦးဆောင်ပြီး ပြောတယ်၊ သူတို့အဖွဲ့မှာ ရဲပါတယ်၊ အရပ်ဝတ်လက်နက်ကိုင်တွေပါ တယ်၊ မီးသတ်ဝတ်စုံဝတ်ထားသူတွေလည်းပါတယ်” ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဟောပြောစည်းရုံးပြီး ရဲ၊ မီးသတ်ဝတ်စုံ ဝတ်ထားသူနှင့် အရပ်ဝတ် လက်နက်ကိုင်များက လုံခြုံရေးယူပေးကြောင်း ဆိုသည်။

“မသက်သာလို့သာ သွားနားထောင်ရတာ၊ မကျေနပ်ကြဘူးပေါ့ဗျာ၊ ဒါပေမယ့်လည်း ဘာတတ်နိုင်မှာလဲ” ဟု သွားရောက်နားထောင်ခဲ့သူ နောက်တဦးက ပြောသည်။

ထို့ပြင် အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်နှင့် ရွှေနှင်းဆီရပ်ကွက် တို့တွင်လည်းသန်းခေါင်စာရင်းနှင့် လူဦးရေတိုက်ဆိုင်စစ်ဆေးမှုများရှိပြီး ထိုသို့စစ်ဆေးပြီးနောက် လာမည့်ဧပြီလ သင်္ကြန်အပြီးတွင် အိမ်ထောင်စုအလိုက် စစ်မှုထမ်းရမည့်စာရင်း ထုတ်ပြန်ပေးသွားမည်ဟု ပြောဆိုသွားကြောင်း မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“သန်းခေါင်စာရင်းနဲ့ လူနဲ့စစ်ဆေး တိုက်ကြည့်တယ်၊ စစ်ထဲမဝင်ချင်ရင် ရဲထဲဝင်ရမယ်၊ မကြာခင် ပြန်လာခေါ်မယ်၊ ရပ်ကွက်ရုံးကို အကြောင်းမကြားဘဲ ခရီးမထွက်ရဘူး၊ ဘုန်းကြီးဝတ်ထားရင် သုံးဝါအောက်ဆို လူထွက်ပြီး စစ်ထဲ ဝင်ရမယ်၊ ဟောပြောစည်းရုံးတယ်ဆိုတာထက် ခြိမ်းခြောက်သလိုကြီး ဖြစ်နေတယ်” ဟု မြို့ခံက ပြောသည်။

အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု လက်သစ်အာဏာရှင် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်အပေါ် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုတခုဖြစ်သည့် အဆိုပါ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီး တိမ်းရှောင်လိုသူများကို အကူအညီ ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေး အဖွဲ့အစည်း ၄၁ ဖွဲ့က မတ်လ ၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်