ငပုတောမြို့တွင်မီးလောင်မှု အိမ် ၁၀ လုံးဆုံးရှုံး

ငပုတောမြို့ပေါ်ရပ်ကွက်၌ မီးလောင်ကျွမ်းပြီးနောက်တွေ့ရသည့် မြင်ကွင်း/ဓာတ်ပုံ – လူမှုကွန်ယက်

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်တွင် မတ်လ ၆ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ငပုတောမြို့၊တောင်ပိုင်းရပ်ကွက် ၊ မဉ္ဇူလမ်းရှိ အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်နွဲ့ရီပိုင် ဓနိမိုး၊ဓနိကာအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက်ထားရာမှ ဘေးအကာဓနိသို့ မီးကူးစက်ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောသည်။

မီးလောင်ကျွမ်းမှုကို ငပုတောနှင့်ပုသိမ်မြို့မှ မီးသတ်ကား ခုနစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး ည‌နေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းချိန် ၁ နာရီကျော်ကြာခဲ့ပြီး စုစုပေါင်းနေအိမ် ၁၀လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၂,၉၅၆,၅၀၀ ကျပ်ရှိသည်ဟု မီးသတ်တပ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား မီး(သို့မဟုတ်) မီးလောင်လွယ်သည့်အရာဝတ္ထုတစုံတခုနှင့်စပ်လျဥ်း၍ ပေါ့ဆစွာပြုလုပ်မှု ပုဒ်မ ၂၈၅ဖြင့် ငပုတောမြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။အဆိုပါပုဒ်မကို ကျူးလွန်သူအား သုံးနှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

” ရာသီဥတုကပူလာပြီ။ မီးပေါ့ဆလို့ ဆုံးရှုံးမှုတွေဖြစ်ရင် အမှုက ကျေအေးလို့မရသလို ထောင်လည်းကျနိုင်တယ်။ ဒါကြောင့် အခုလိုရာသီမှာ မီးဘေးအန္တရာယ်ကို ပိုပြီးသတိထားဖို့လိုတယ်” ဟု ငပုတောမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူတဦးကပြောသည်။

စာတည်း – အေးချမ်း