ဖေ့စ်ဘုတ် နည်းပညာပြဿနာက စစ်ကောင်စီနှင့် သက်ဆိုင်ခြင်းမရှိ

JC

(မဇ္ဈိမ)။ ။စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ကြောင့် ဖေ့စ်ဘုတ်လူမှုကွန်ရက် အသုံးပြုမရဖြစ်သွားတဲ့ပုံစံမျိုး သတင်းဖြန့်ဝေမှုတွေ ရှိနေပါတယ်။

နန်းငယ်တယ်လီဂရမ်ချန်နယ်ကနေ မတ်လ ၅ ရက်နေ့ညပိုင်းက ဖေ့စ်ဘုတ်အသုံးပြုလို့မရဖြစ်နေချိန်မှာ “ပရိတ်သတ်ကြီး အဆင်ပြေရဲ့လား Facebook အကောင့်များ ယနေ့ည ၉ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ Log Out ထွက်ကုန်ပြီး ပြန်ဝင်မရဖြစ်သွားပြီမလား ပါးပါးလေးဘဲပုတ်လိုက်တာ” ဆိုပြီး စစ်ကောင်စီ တပ်သားတွေ ကွန်ပျူတာအသုံးပြုနေတဲ့ဓါတ်ပုံနှစ်ပုံနဲ့အတူ ဖေ့စ်ဘုတ်အကောင့်ဝင်လို့မရတဲ့ screenshot နဲ့ ဖြန့်ဝေထားပါတယ်။

ဒီအကြောင်းကို ဖေ့စ်ဘုတ်ပြန်သုံးလို့ရတဲ့အချိန်မှာလည်း “Facebook ကို အသုံးချပြီး အကြမ်းဖက်တိုက် ခိုက်သူတွေ၊ အကြမ်းဖက်အားပေးသူတွေ၊ ကောလာဟလ သတင်းမှားလွှင့်နေသူတွေ၊ အွန်လိုင်းငွေကြေး လိမ်လည်သူတွေ၊ Online ခြိမ်းခြောက်ငွေညှစ်သူတွေ၊ အွန်လိုင်းကစျေးလိမ်ရောင်းသူတွေများလို့ Lesson ပေးလိုက်တာပါ Facebook ဟာ အချိန်မရွေးဖျက်ဆီးပစ်လို့ရတယ်လို့ သတိပေးလိုက်တာပါ” လို့လည်း ဖြန့်ဝေထားပါတယ်။

တကယ်တော့ Facebook လူမှုကွန်ရက် နည်းပညာပြဿနာဖြစ်ပေါ်တာဟာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။

မတ်လ ၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ Facebook အပါအဝင် Meta ကုမ္ပဏီကပိုင်ဆိုင်တဲ့ ဆိုရှယ် မီဒီယာတွေဖြစ်တဲ့ မက်စင်ဂျာ(Messenger)၊ အင်စတာဂရမ်(Instagram)၊ သရပ်ဒ်(Threads)စတဲ့ လူမှု ကွန်ရက်တွေ တနာရီလောက်သုံးမရဖြစ်သွားခဲ့ပါတယ်။ ဒါဟာ Meta ကုမ္ပဏီက နည်းပညာချွတ်ယွင်းမှု တခုကြောင့် တကမ္ဘာလုံးမှာ အသုံးပြုလို့မရဖြစ်သွားတာပါ။ မြန်မာနိုင်ငံတနိုင်ငံတည်း မဟုတ်ပါဘူး။

Meta ကုမ္ပဏီရဲ့ တရားဝင် X လူမှုကွန်ရက်အကောင့်မှာလည်း ဖေ့စ်ဘုတ်ရဲ့ နည်းပညာဆိုင်ရာပြဿနာ တခုကြောင့် ဝန်ဆောင်မှုအချို့ အသုံးပြုဖို့အခက်အခဲဖြစ်စေတာကြောင့် ပြဿနာကို အမြန်ဆုံးဖြေရှင်း နေပြီး အဆင်မပြေမှုတွေအတွက် တောင်းပန်ထားပါတယ်။
လင့် – https://x.com/MetaQuestVR/status/1765082543433662679
လက်ရှိမှာတော့ Meta ကုမ္ပဏီက နည်းပညာပြဿနာအချို့ကို ပြန်လည်ဖြေရှင်းပြီးဖြစ်တာကြောင့် Facebook, messenger, Instagram နဲ့ Threads စတာတွေကို အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။
Facebook ကို Meta ကုမ္ပဏီက ပိုင်ဆိုင်တာပါ။ Meta ကုမ္ပဏီဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာအခြေစိုက်ပြီး အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှ-ပစိဖိတ်ဒေသတွေ မှာလည်း ကုမ္ပဏီခွဲတွေ ဖွင့်လှစ်ထားရှိပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီကတည်းက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကောင့်၊ ပေ့ချ် နဲ့ ဂရုတွေကို ပိတ်ပင်ထားတာပါ။
ဒီမတိုင်ခင် ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံက အမျိုးသားရေးအစွန်းရောက် အကောင့်တွေအပါအဝင်၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပေ့ချ်တွေကို ပိတ်ပင်တာမျိုးလည်း ရှိခဲ့ဖူးပါတယ်။
ဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီလော်ဘီတွေဟာ ဖေ့စ်ဘုတ်မှာ သူတို့ရဲ့လှုပ်ရှားမှုတွေကိုပေါ်ပေါ်ထင် ထင်လုပ်လို့မရတာမျိုးတွေ ရှိနေပါတယ်။
ဒါကို အခဲမကြေဘဲ ဖေ့စ်ဘုတ်နည်းပညာပြဿနာတက်တာဟာ စစ်ကောင်စီတပ်သားတွေရဲ့ ကြိုးပမ်းမှု ကြောင့်လို့ အချိန်ကိုက် သတင်းတုနဲ့ ဝါဒဖြန့်နေတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း ။ စောဖေ