တရုတ်က နိုင်ငံတော် လျှို့ဝှက်ဥပဒေသစ်ဖြင့် ဩဇာအာဏာ ပို ကြီးစိုးလာ

တရုတ်သမ္မတ ရှီကျင့်ဖျင်

The Hong Kong Post

၂၀၂၄ ဖေဖော်ဝါရီ ၂၄ ရက်၌ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံတော် လျှို့ဝှက်ဥပဒေသစ်တရပ်အား လက်မှတ်ရေးထိုးလိုက်သည်။ အမျိးသားလုံခြုံရေး ဘေးအန္တရာယ် ရှိလိမ့်မည်ဟု သုံးသပ်ရသော သတင်းအချက်အလက် အမျိုးအစားပေါ်၌ ပို၍ ချဲ့ထွင်ထားသော တင်းကြပ်သည့် တည်ဆဲဥပဒေများ ရှိနေသည့်ကြားမှ ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေး လုပ်ကိုင်ရန် ခက်ခဲသည့် နေရာ ဖြစ်လာရုံတင်မကပဲ အန္တရာယ် ရှိသော နေရာဒေသတခု ဖြစ်လာနေပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ အမြင့်ဆုံး ဥပဒေပြုအဖွဲ့အစည်းဖြစ်သော အမျိုးသားပြည်သူ့လွှတ်တော် ကော်မတီက အတည်ပြုသည့် နိုင်ငံတော်လျှို့ဝှက်ဥပဒေကို ဖေဖော်ဝါရီ ၂၇ ရက်က ပြင်ဆင်ခဲ့ပြီး လက်ရှိ၌ သမ္မတ ရှီကျင့်ဖျင် လက်မှတ်ထိုးထားပြီးသော အဆိုပါ ဘေးအန္တရာယ်ကင်းရေး နိုင်ငံတော် လျှို့ဝှက်ဥပဒေသည် မေ ၁ ရက်မှစတင်ကာ အသက်ဝင်တော့မည် ဖြစ်သည်။ ရှိဆဲ နိုင်ငံတော်လျှို့ဝှက်ဥပဒေများတွင် ပေါင်းစည်းထားသည့် ယခု ပြင်ဆင်ချက် ဥပဒေကို “လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များ” ဟုလည်း ခေါ်ဆိုသည်။ တိကျပီပြင်မှု မရှိသော ယခု ဥပဒေတွင် တရားဝင် နိုင်ငံတော် လျှို့ဝှက်ချက်နှင့် ပတ်သက်သော သတင်းအချက်အလက်တင်မက “ပေါက်ကြားသွားပါက သက်ရောက်မှု ဖြစ်စေနိုင်သော” သတင်းအချက်အလက်များကိုပါ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အစိုးရဌာနအားလုံးနှင့် နိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နေရသည့် နိုင်ငံတော် လျှို့ဝှက်ချက်များအပေါ် “နှုတ်စောင့်စည်းနိုင်သော အဆင့်ကို သတ်မှတ်ရန်” လိုအပ်မည်ဖြစ်သကဲ့သို့ ရာထူးနေရာမှ ထွက်ခွာသွားသော အလုပ်သမားများနှင့် ပတ်သက်ပြီး “လျှို့ဝှက်အဆင့်အတန်း သတ်မှတ်ခြင်း” ကို စီမံဆောင်ရွက်ရန် စည်းမျဉ်းသစ်များ ဖော်ဆောင်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ရာထူးမှ နှုတ်ထွက်သူများအတွက် ပြည်ပထွက်ခွာခွင့်နှင့် အလုပ်သစ် ထမ်းဆောင်ခြင်းတို့ကို ပိတ်ပင်ခြင်းများ အပါအဝင် ဖြစ်သည်။ “လျှို့ဝှက်အဆင့် လျှော့ချတဲ့ ကာလအတွင်းမှာ လျှို့ဝှက်ချက်တွေ ရရှိထားသူတွေကို အလုပ်လုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့်တွေ ခွင့်ပြုမှာ မဟုတ်ပါဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို နိုင်ငံတော် လျှို့ဝှက်ချက်တွေ ဖွင့်ချဖို့ ခွင့်မပြုဘူး”ဟု တရုတ်၏ အမျိုးသားရုပ်သံ China Central Television ကို ကိုးကားပြီး Radio Free Asia က ဖော်ပြသည်။

ဥပဒေလုပ်ငန်းစဉ်များသည် နိုင်ငံတော်လျှို့ဝှက်ချက်အပေါ်သာ သက်ရောက်မည် မဟုတ်ဘဲ “လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များ” အပေါ်ပါ သက်ရောက်မည်ကို ဥပဒေသစ်၏ ပုဒ်မ ၆၄ အရ သိရသည်။ “လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များ” ဆိုသည်မှာ “တာဝန်အရ ဌာနဆိုင်ရာများက ထုတ်လုပ်သော၊ စုဆောင်းသော သတင်းအချက်အလက်များကို ရည်ညွှန်းပြီး ယင်းအချက်အလက်များ ပေါက်ကြားပါက သက်ရောက်မှု ဖြစ်နိုင်ကြောင်း” တရုတ်ဥပဒေရေးရာ ပညာရှင် ဂျာရီမီဒမ်းက ပြောသည်။ လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ဌာနတွင်း မှတ်တမ်းများသည် ပြဿနာသစ်မဟုတ်သော်လည်း ကံမကောင်းစွာ ဥပဒေအတွင်း ထပ်တိုးထည့်သွင်းရသည့် ကိစ္စရပ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဥပဒေသစ်ပါ ဝါကျကြောင့် လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ပတ်သက်ပြီး တိကျရေရာမှု မရှိသည့်အဖြစ်သို့ ဦးတည်နိုင်ကာ အလုပ်သမားများအတွက် ဘေးအန္တရာယ် များပြီး ပွင့်လင်းမြင်သာမှု နည်းပါးစေသည်။

“ဒီ ဥပဒေဟာ ပြတ်ပြတ်သားသား မရှိဘူး၊ နိုင်ငံတော် လျှို့ဝှက်ချက်ကို ဖွင့်ဆိုထားတာမှာလည်း ကျယ်ပြန့််လွန်းတယ်၊ တရုတ်နိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလုပ်သမားတွေအတွက် နောက်ထပ် ရှုပ်ထွေးမှု ဖြစ်လာဦးမှာပဲ”ဟု တရုတ်အပေါ် ပစ်မှတ်ထား သုတေသနပြုနေသည့် လန်ဒန်အခြေစိုက် Enodo Economist မှ စီးပွားရေးပညာရှင် အကြီးအကဲ ဒိုင်ယာနာ ချိုင်းလီဗာက ပြောသည်။

“ဥပဒေ အဝန်းအဝိုင်းကို ချဲ့ကားတာဟာ ‘အကဲဆတ်’လွန်းတယ်၊ ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက် ရယူဖို့ ခက်ခဲစေတာပဲ၊ တရုတ်က လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပြည်ပကုမ္ပဏီတွေအတွက်လည်း ဆုံးဖြတ်လုပ်ကိုင်ရတာ အခက်တွေ့စေတယ်”ဟု တရုတ်ရှိ ကုန်သွယ်မှုဆိုင်ရာ ဥရောပသမဂ္ဂခုံရုံး ဥက္ကဋ္ဌက ဆိုသည်။

“နိုင်ငံတော် လျှို့ဝှက်ချက်” နှင့် “လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်” တို့ ပါဝင်သော နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေသစ်သည် ကွန်မြူနစ် အုပ်ချုပ်မှု၏ နိုင်ငံရေးဆိုင်ရာ လုံခြုံမှုရှိရေးနှင့် အနက်အဓိပ္ပာယ် တထပ်တည်းကျကြောင်း ပညာရှင်များက ပြောကြသည်။ မည်သည့် အချက်အလက်မဆိုနှင့် သတင်းအချက်အလက်များအား ဖွင့်ချခြင်းသည် အာဏာရ ကွန်မြူနစ်ပါတီအတွက် အခက်ကြုံစရာပဲ ဖြစ်သည်။ ပါတီအနေဖြင့်ပင် နိုင်ငံ၏ လုံခြုံရေး ဘေးအန္တရာယ်နှင့် အပြစ်သင့်နေခြင်းအဖြစ် အမည်တပ်ခံနေရသည်။

ဥပဒေသစ်သည် တရုတ်နိုင်ငံအတွင်း ဈေးကွက်သုတေသနများကို ဆောင်ရွက်လိုသည့် နိုင်ငံခြားကုမ္ပဏီများအပေါ် သက်ရောက်နိုင်ကြောင်း နယူးယောက်ရှိ City University မှ နိုင်ငံရေးဆိုင်ရာ ပါမောက္ခ ရှာမင်းက ဆိုသည်။ “ပထမဆုံး အချက်ကတော့ တရုတ်မှာ ရင်းနှီးမြုပ်နှံချင်တဲ့ ဘယ်ကုမ္ပဏီမဆို ဈေးကွက်သုတေသနကို လုပ်ဆောင်ရပါတယ်”ဟု ရှာက ပြောသည်။ “ဒါပေမယ့် အချက်အလက် အမျိုးအစား အားလုံးဟာ တရုတ်မှာ လျှို့ဝှက်အဖြစ် သတ်မှတ်ခံရတယ်၊ ဘာကြောင့်လည်းဆိုတော့ အုပ်ချုပ်ရေးရဲ့ နိုင်ငံရေးအရ လုံခြုံမှုကို ထိပါးသလို ဖြစ်လို့ပဲ၊ တရုတ်တာဝန်ရှိသူတွေဟာ သူတို့ရဲ့ အုပ်ချုပ်မှုနဲ့ နိုင်ငံရေးစနစ်ကို ထိပါးလာမယ်လို့ တွေးထင်ထားတယ်၊ ဒါကြောင့် အရာရာဟာ လျှို့ဝှက်ချက် ဖြစ်နေတော့တာပဲ”ဟု ၎င်းက ပြောသည်။ ယခု လုံခြုံရေးဥပဒေသစ်သည် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများအပေါ် ကြီးကြီးမားမား သက်ရောက်လာလိမ့်မည် ဖြစ်သည်။ ယင်းကုမ္ပဏီများသည် အခွင့်မရှိသော သတင်းအချက်အလက်များ အွန်လိုင်းပေါ် ပေါက်ကြားခြင်း အပါအဝင် မည်သည့်အရေးကိစ္စမဆို စုံစမ်းစစ်ဆေးရန် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း၌ အတိုင်ပင်ခံကုမ္ပဏီများကို စီးနင်းခြင်းကလည်း စီးပွားရေး ယုံကြည်ရမှုကို ထိခိုက်ထားကြောင်း အမေရိကန်အခြေစိုက် တရုတ်စီးပွားရေးပညာရှင် လီဟောင်ကျင့်က ပြောသည်။ နယူးယောက်အခြေစိုက် Capvision Partners ၏ ပေကျင်း၊ ရှန်ဟိုင်းနှင့် ရှန်ကျန်းမြို့များရှိ ရုံးများအား အမျိုးသားလုံခြုံရေး ကာကွယ်ခြင်း အကြောင်းပြချက်ဖြင့် စီးနင်းမှုများသည် ကမ္ဘာတလွှား စိုးရိမ်ပူပန်မှုများကို မြင့်တက်စေသည်။ အလုပ်သမားများ စစ်ကြောမေးမြန်းခံရကာ ရုံးသုံးကိရိယာများလည်း ရှာဖွေခံရသည်။ Capvision သည် မည်သည့် ရင်းနှီးမြုပ်နှံမှု ဆုံးဖြတ်ချက်မှ မချခင် ယုံကြည်ရသော ကုမ္ပဏီများအတွက် အတိုင်ပင်ခံ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်သည်။ “အခုဆိုရင် အားလုံးက ထိတ်ထိတ်ပြာပြာ ဖြစ်နေတော့တယ်”ဟု လီက ဆိုသည်။ “တရုတ်အနေနဲ့ ဒီလို တိုးလုပ်လေ၊ နိုင်ငံခြားလုပ်ငန်းတွေအတွက် တရုတ်မှာ ရင်းနှီးမြုပ်နှံဖို့ တွန့်ဆုတ်ရလေပါပဲ”ဟု ၎င်းက ပြောသည်။

တရုတ်၏ လုံခြုံရေးဥပဒေသစ်သည် အာဏာရ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီထံမှ မကြာသေးသော အတည်ပြုချက်များနှင့် ဖီလာဆန့်ကျင်နေကြောင်းလည်း လီက ဆိုသည်။ တရုတ်၏ စီးပွားရေးအား ကမ္ဘာ့ယှဉ်ပြိုင်မှု၌ ပိုပြီး ဝင်ဆံ့နိုင်အောင် ချဲ့ထွင်နေကြောင့် ဗဟိုကော်မတီက ဆိုထားခြင်း ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ခွဲခြားဆက်ဆံသည့် မူဝါဒကလည်း လုံးလုံးလျားလျား ဆန့်ကျင်ရာဆီ ပို့ဆောင်လိမ့်မည် ဖြစ်သည်။

တရုတ်အတွက်မူ အကဲဆတ်သည့် သတင်းအချက်အလက် အားလုံးသည် အမျိုးသားလုံခြုံရေးအောက်သို့ လက်ရှိ၌ သွတ်သွင်းခံတော့မည် ဖြစ်သည်ဟု သုတေသီများက ဆိုသည်။ ပြောရလျှင် သမ္မတ ရှီကျင့်ဖျင်၏ အာဏာကို ထိပါးစေနိုင်သော မည်သည့် နယ်ပယ်မဆို အမျိုးသားလုံခြုံရေး အရေးကိစ္စ ဖြစ်သွားပြီဟု လီက ပြောသည်. “ဒါဟာ အာဏာတည်မြဲရေး သက်သက်အတွက်ပါပဲ၊ ရှီကျင့်ဖျင်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေကို အမှန်တကယ် အရေးလုပ်တာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

သို့ရာတွင် ယခု အရေးသည် အံ့ဩစရာတော့ မရှိပေ။ ရှီကျင့်ဖျင်က “အုပ်ချုပ်ရေးပိုင်း တည်ငြိမ်ရေးကို လျစ်လျူရှုထားရင် စီးပွားရေး ဖွံ့ဖြိုးမှုဆိုတာက ဘာလုပ်မှာလဲ”ဟု တချိန်က ပြောဆိုထားဖူးကြောင်း RFA က သတင်းဖော်ပြထားသည်။ ထိုကြောင့်ပင် ရှီ၏ တရုတ်ပြည်၌ ပါတီအရေးက ပထမဖြစ်ပြီး ပြည်သူ့အရေးက နောက်မှလာသည်။

မကြာသေးခင်က တရုတ်သည် တန်ပြန်ထောက်လှမ်းခြင်း ဥပဒေ၏ အဝန်းအဝိုင်းကို ချဲ့ထွင်ခဲ့သည်။ “ယင်း ဥပဒေမှာလည်း အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားနှင့် ဆက်စပ်သည့် မရေမရာ သတင်းအချက်အလက်များ လွှဲပြောင်းမှုကို တားမြစ်ပိတ်ပင်ထားသည့် ဥပဒေ ဖြစ်ကြောင်း၊ ယင်းဥပဒေကြောင့် တရုတ်တွင် ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံခြားကုမ္ပဏီများ အပြစ်ပေးခံရမည်ကို အမေရိကန်က စိုးရိမ်ပူပန်ခဲ့ရကြောင်း” ရိုက်တာသတင်းက ၂၀၂၃ ဩဂုတ် ၁ ရက်၌ သတင်းဖော်ပြဖူးသည်။

အမေရိကန် စိုးရိမ်ပူပန်မှုက လက်သင့်ခံစရာ အမှန်ဖြစ်ခဲ့သည်။ ဂျပန်ဆေးဝါးကုမ္ပဏီ Astellas Pharma မှ အလုပ်သမားတဦးကို “သူလျှို” သံသယမှုဖြင့် ထိန်းသိမ်းကာ အောက်တိုဘာတွင် နောက်ပိုင်း ဖမ်းဆီးခဲ့သည်။ အဆိုပါ ထင်ရာစိုင်း ဖမ်းဆီးခြင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ကန့်ကွက်ဆန့်ကျင်ခဲ့သည်။ ဖမ်းဆီးခံရသူသည် တန်ပြန်ထောက်လှမ်းရေးဥပဒေနှင့် ရာဇဝတ်မှုဥပဒေများကို တရုတ်နိုင်ငံအတွင်း မည်သို့မည်ပုံ ချိုးဖောက်သနည်းဆိုသည့် အသေးစိတ်ကို ယခုအထိ မသိရှိရကြောင်း Japan Times သတင်းက ဖော်ပြသည်။

၂၀၁၄ ၌ တရုတ်တွင် တန်ပြန်ထောက်လှမ်းရေး ဥပဒေ အသက်ဝင်ချိန်မှစကာ သူလျှိုလုပ်သည် စွပ်စွဲချက်များဖြင့် ထိန်းသိမ်းထားသော ဂျပန်နိုင်ငံသား ၁၇ ဦး ရှိနေသည်။ ၂၀၂၃ မတ်လ၌ ပေကျင်းရှိ မှန်မှန်ကန်ကန် ရှိ အမေရိကန် Mintz Group ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကိုလည်း စီးနင်းမှုတရပ်၌ ထိန်းသိမ်းခဲ့သည်။ ၂၀၂၃ ဧပြီတွင် အတိုင်ပင်ခံ ကုမ္ပဏီ Bain&Co ကုမ္ပဏီမှ ဝန်ထမ်းများကို တရုတ်အာဏာပိုင်များက စစ်ကြောမေးမြန်းခဲ့သည်။ ကမ္ဘာတလွှား ရုံးများရှိသော ဥပဒေအကြံပေးကုမ္ပဏီ Dentons သည် ၎င်း၏ တရုတ်ရုံးခွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု Finanacial Times သတင်းက ဆိုသည်။ “အမျိုးသားလုံခြုံရေးနယ်ပယ်မှာ တရုတ်အစိုးရက ဆိုင်ဘာလုံခြုံရေးနဲ့ အချက်အလက် ကာကွယ်ရေး အဝန်းအဝိုင်းကို ချဲ့ကားလာတဲ့နောက် ခုလို လုပ်ရပ်တွေ ရှိလာတာပဲ”ဟု ယင်းသတင်း၌ ဖော်ပြထားသည်။

“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသိုသိပ်ဆုံး လူ့အဖွဲ့အစည်းတရပ်ပါပဲ”ဟု Cornell International Law journal က မှတ်ချက်ချသည်။ “အခြေခံကို သိဖို့ တိတိကျကျနဲ့ သတင်းဆိုတာ ထုတ်ပြန်ရမှာ၊ ဖြန့်ဝေရမှာ ဖြစ်တယ်” ဟု ဂျာနယ်က ဆိုသည်။

တရုတ်တွင် နိုင်ငံတော်လျှို့ဝှက်ချက်များအား ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းခြင်းသည် နိုင်ငံတော်လျှို့ဝှက်ချက် ကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်စည်းမျဉ်းများ အာဏာသက်ဝင်သည့် ၁၉၅၁ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများတွင် “နိုင်ငံတော် လျှို့ဝှက်ချက်များ” ဟု အဓိပ္ပာယ် မဖွင့်ထားသော်လည်း သတင်းအချက်အလက်နှင့် ဆိုင်သည်ဟု ခြုံငုံဖော်ပြထားသော ထူးခြားသည့် ဥပမာပေး ပြဋ္ဌာန်းချက် စာရင်း ရှိနေသည်ဟု Cornell Journal က ရေးသည်။ အဆိုပါ ပြဋ္ဌာန်းစာရင်းတွင် “စိုးရိမ်ဖွယ်ရာရှိသော မိုးလေဝသ ခန့်မှန်းချက်များ” ကိုပင် ထည့်သွင်းထားသည်။ ထိုသို့သော ဥပဒေ၏ အကျိုးဆက်က ဆိုးဆိုးဝါးဝါးပဲ ဖြစ်တော့သည်။ တနှစ်တာ ရှန်ဟိုင်းဆီ ဂျုံ၊ စပါး ပေးပို့ရသည့် ပမာဏကို နိုင်ငံခြားသားတဦးထံ ရေးသားမှုအတွက် Shell International Petroleum မှ အဖွဲ့ဝင် တရုတ်နိုင်ငံသားတစ်ဦးကို ခြောက်နှစ်ခွဲကြာ တိုက်ပိတ်ထားခဲ့သည်။ ဟောင်ကောင်က ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ဟန်ဆန်ဟောင် ဆိုသူကိုလည်း “မသိရသော နိုင်ငံခြားသားများထံ ရေရာမှု မရှိသည့် နိုင်ငံတော်လျှို့ဝှက်ချက်များ” ပေးပို့ခြင်းအတွက် ထောင် ၁၅ နှစ် ချခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် ၁၉၇၉ ခုနှစ်တွင် တရုတ်က တံခါးဖွင့်လှစ်ချိန်မှစပြီး တရုတ်လုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးစီမံကိန်းများ ညှိနှိုင်းတိုင်ပင်ရန် ကြိုးပမ်းကြသည့် နိုင်ငံခြားသားများအတွက် ဥပဒေနှင့် အညီဖြစ်ရေး၊ တရုတ်လုပ်ငန်းတွဲဘက်များနှင့် အစိုးရဌာနများဆီမှ စီးပွားရေးနှင့် အခြားသော ဆိုင်ရာ သတင်းအချက်အလက် ရရှိရေး စသော အခက်အခဲများသည် ခံပြင်းစရာ အကောင်းဆုံးတွင် ပါဝင်နေသည်။

၁၉၅၁ က စည်းမျဉ်းများကို အစားထိုးသည့် ၁၉၈၉ နိုင်ငံတော်လျှို့ဝှက်ဥပဒေသစ်ဖြင့်လည်း အရေးကိစ္စ တော်တော်များများကို လုပ်ဆောင်ထားခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် လက်ရှိကာလ၌ သမ္မတ ရှီကျင့်ဖျင်၏ အာဏာလက်တံသည် ကျယ်ပြန့်သထက် ကျယ်ပြန့်လာလေပြီ ဖြစ်သည်။