KIA တိုက်ခိုက်မှုကြောင့် သီရိပျံချီဘွဲ့ရ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း သေဆုံး

ဓာတ်ပုံ- ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း

ဓာတ်ပုံ- ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း

အဂမ်

(မဇ္ဈိမ) ။ ။ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာသောကားကို KIA က တိုက်ခိုက်ရာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာသော ကားကို ဝိုင်းမော်မြို့အဝင်နား ခါးရှီကျေးရွာလမ်းခွဲအရောက်မှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ ဦးရွှေမင်းနှင့်အတူ နောက်ထပ် တပ်ဖွဲ့ဝင်နှစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောသည်။

ဦးရွှေမင်းသည် ရွှေညောင်ပင်ကျေး – အောင်မြေ ( ၂) လမ်းဆုံ အနီးရှိ စစ်ကောင်စီ ခမရ (၃၂၁) တပ်စခန်းတွင် ၎င်း၏ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းနေထိုင်နေခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီမှာ မြစ်ကြီးနား– ဗန်းမော် ကားလမ်းတလျှောက်တွင် KIA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်လာချိန် မြစ်ကြီးနားမြို့ရှိ ၎င်း၏ နေအိမ်သို့ ပြန်လာစဉ် ဝိုင်းမော်မြို့အဝင် ခါးရှီကျေးရွာလမ်းခွဲအလွန်မှာ KIA တပ်ရင်း (၃) အဖွဲ့က တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း KIA ‌ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

“ရွှေမင်းပြည်သူ့စစ်အဖွဲ့က Ford pickup နဲ့ မနက် ၆ နာရီကျော်လောက်မှာ မီးပွိုင့် က ဖြတ်သွားတယ်လို့ သတင်းရတယ်။ သိပ်မကြာဘူး အဲ့ကားက ၃၂၁ ကနေ ပြန်ထွက်လာတယ်လို့ ဝူယန်ဘက်ကို ထောက်နေတဲ့ တပ်ရင်း ၃ အဖွဲ့က စောင့်ပြီး တိုက်ခိုက်တာ ဟုတ်တယ်။ အဲကားမှာပါလာတဲ့ပြည်သူ့စစ် အားလုံးသေတယ်။ ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောသည်။

အွန်လိုင်းပေါ် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်တွင် ကြားဖြတ်တိုက်ခိုက်ခံရ၍ မီးလောင်နေသော ကားတစီးနှင့်အတူ သေဆုံးနေသော ဦးရွှေမင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းကို မဇ္ဈိမက တွေ့မြင်ရသည်။

ဦးရွှေမင်းသည် ဝိုင်းမော်မြို့နယ်တွင် တိုက်ခိုက်ခံရ၍ သေဆုံးသွားကြောင်း စစ်ကောင်စီ၏ သတင်းများကို ဖြန့်ဝေနေသည့် တယ်လီဂရမ်အကောင့်များကလည်း အတည်ပြုထားသည်ကို တွေ့ရသည်။

မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရရန် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့နှင့် KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူထံ တယ်လီဖုန်းဖြင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

လီဆူ (ဒူးလေး) ပါတီ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်က သီရိပျံချီဘွဲ့ ချီးမြှောက်ပေးခဲ့သည်။

KIA ဌာနချုပ်အနီးရှိ မြစ်ကြီးနား– ဗန်းမော် ကားလမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းမှ စတင်၍ တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တပ်စခန်းအချို့ကို သိမ်းဆည်းရရှိထားကြောင်း သိရသည်။

အလားတူ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာရှိ ရွှေမင်းပြည်သူ့စစ် အင်လုံခတံ တားစောင့်ဂိတ်စခန်း (ဒေသအခေါ် ရေ အားလျှပ်စစ်စက်ရုံလမ်းဟောင်း)ကိုလည်း KIA က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

စာတည်း။ ။ နောင်နောင်