KIA ၏ ကချင်ဒေသ ထိုးစစ်များတွင် AA ပါဝင်တိုက်ခိုက်၊ ရခိုင်တွင်လည်း AA ၏ ထိုးစစ်များ ဆက်ရှိနေ

ပုံအညွှန်း- KIA၊ မဟာမိတ် AA နှင့် ယမန်နေ့က သိမ်းပိုက်ခံလိုက်ရသော ခါရာဘွမ် ​စစ်ကောင်စီတပ်စခန်း တောင်ကုန်း

ပုံအညွှန်း- KIA၊ မဟာမိတ် AA နှင့် ယမန်နေ့က သိမ်းပိုက်ခံလိုက်ရသော ခါရာဘွမ် ​စစ်ကောင်စီတပ်စခန်း တောင်ကုန်း

၀၀၂

(မဇ္ဈိမ) ။ ။ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ကချင်ဒေသတွင် ထိုးစစ်ဆင်နေသော တိုက်ပွဲများတွင် မဟာမိတ်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေပြီး ရခိုင်ရှိ လက်ကျန်စစ်ကောင်စီ တပ်ခန်းများကို သိမ်းပိုက်နိုင်ရန်လည်း ဆက်လက်ကြိုးပမ်းနေကြောင်း AA က မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

မတ် ၇ ရက် နံနက် ၆ နာရီတွင် ကချင်ဒေသထိုးစစ်များကို KIA က စတင်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲများတွင် KIA နှင့်အတူ ပူးပေါင်း စစ်ရေးလှုပ်ရှားမှု ရှိသကဲ့သို့ အချို့နေရာများကိုလည်း သီးသန့်တာ၀န်ယူကာ ထိုးစစ်ဆင်နေသည်ဟု AA က ဆိုသည်။

လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်း အပါအဝင် အခြားသော တပ်စခန်းများကို KIA ဦးဆောင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ရခိုင်ဘက်တွင်မှု ရသေ့တောင်မြို့ရှိ တပ်ရင်းသုံးခုကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တို့ကို စစ်ကောင်စီ ကြည်း၊ ရေ၊ လေပစ်ကူအမြောက် အမြားဖြင့် အပြင်းအထန် ခုခံလျက်ရှိသော်လည်း အပြီးသတ် သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်ဟု AA က ဆိုသည်။

သို့သော် ယမန်နေ့က ရခိုင်တောင်ပိုင်းရှိ ရမ်းဗြဲမြို့အား AA က အပြီးတိုင် သိမ်းပိုက်လိုက်ပြီဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း AA ဘက်က အတည်မပြုခဲ့ပေ။

ရမ်းဗြဲမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မြို့တွင်း လက်ကျန် တပ်အင်အားနှင့် စစ်ကူအင်အားများ၊ ထွက်ပြေး‌နေသူများကို တိုက်ခိုက်နေသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စစ်‌ကောင်စီ လက်ကျန်တပ်စခန်းအချို့အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်ဟု AA က ဆိုသည်။

ရခိုင်ဒေသတိုက်ပွဲများမှာ နိုဝင်ဘာတွင် စတင်ဖြစ်ပွားခဲ့ပြီး သုံးလကျော်အကြာတွင် မြို့ ခုနစ်မြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်