ချင်းတောင်ပိုင်းက ဝမ္မသူးဆေးရုံကို စကစတပ်က လေကြောင်းတိုက်ခိုက်၊ ၄ ဦး သေဆုံး

ပုံအညွှန်း - လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီး မြင်ကွင်း (Photos- CDF- Mindat)

ပုံအညွှန်း – လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီး မြင်ကွင်း (Photos- CDF- Mindat)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်က ဝမ္မသူး တိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့၊ ည ၈ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ အနည်းဆုံး လူလေးဦး သေဆုံးသွားကြောင်း မင်းတပ် CDF က မဇ္ဈိမကို ပြောသည်။

တိုက်နယ် အမှတ်(၂) ဝမ္မသူးဆေးရုံသည် လက်ရှိအသုံးပြုနေသော ဆေးရုံတခုဖြစ်ပြီး ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခံရ၍ ဆေးကုနေသော ဒေသခံပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

သေဆုံးသူ လေးဦးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးသကဲ့သို့ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုလည်း မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဆေးရုံအဆောက်အအုံများ မီးလောင်သွားပြီး ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်ကို တော်လှန်ရေးတပ်ဖွဲ့ CDF မင်းတပ်က ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။

စစ်ကောင်စီသည် ယမန်နေ့ ညနေ ၄ နာရီ ၃၀မိနစ်အချိန်တွင် တိုက်နယ် အမှတ်(၂) ရှိ နေရာအချို့ကို ကနဦး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနောက် ညအချိန် ထပ်မံလေကြောင်း တိုက်ခိုက်မှုတွင် ဝမ္မသူးဆေးရုံကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်နယ် အမှတ်(၂) ရှိ အခြားနေရာများ လေကြောင်း တိုက်ခိုက်ခံရမှုတွင် ထိခိုက်ပျက်စီးမှု အခြေအနေများကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မင်းတပ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံသည် စစ်အာဏာသိမ်းမှု တနှစ်ပြည့်ချိန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကလည်း ဆေးရုံအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးရုံရှိ ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်။

CDF မင်းတပ်၏ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်အာဏာသိမ်းကာ သုံးနှစ်အတွင်း ကလေးသူငယ် အပါအဝင် အရပ်သား ၂၀ ဦးသေဆုံးပြီး ဘာသာရေးကျောင်းဆောင်များ အပါအဝင် လူနေအိမ်အများအပြား ပျက်စီးခဲ့သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ တနိုင်ငံလုံးတွင် စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို အဓိက အားထားနေရပြီး မတ်လ ၂၂ ရက်နေ့ကလည်း ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် အရပ်သားထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်