မဏိပူရပြည်နယ်၊ အင်ဖာထောင်တွင်း ဆန္ဒပြမှု မြန်မာအကျဉ်းသူများ ယာယီရပ်ဆိုင်း

ပုံအညွှန်း -အင်ဖာထောင်အတွင်းမြန်မာနိုင်ငံမှအမျိုးသမီးများထိမ်းသိမ်းထား သည့်အဆောင် (ပုံဟောင်း)

ပါခွီး

(မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ အင်ဖာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသော မြန်မာနိုင်ငံသားအကျဉ်းသူ ၃၆ ဦးသည် ယခုအခါ ထောင်တာဝန်ရှိသူတို့နှင့် ညှိနှိုင်းနေပြီး ဆန္ဒပြမှုကို ယာယီရပ်ဆိုင်းလိုက်သည်။

မြန်မာအကျဉ်းသူ ၃၆ ဦးသည် အိန္ဒိယနိုင်ငံ၌ တရားဝင်နေထိုင်ခွင့်အထောက်အထားမရှိဟုဆိုကာ ထောင်ဒဏ်ကျခံခဲ့ရပြီး လွတ်ရက်ပြည့်သော်လည်း ဆက်လက်ထိန်းသိမ်းခံထားရသဖြင့် ဒီဇင်ဘာလ ၁၆ရက်မှစတင်ကာ ဆန္ဒပြခဲ့ကြသည်။ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ရိုက်နှက်ဖြိုခွဲခံရပြီး အကျဉ်းသူအချို့ ဒဏ်ရာရရှိခဲ့သည်။ ထိုသတင်းထွက်ပေါ် လာပြီးနောက် ထောင်တွင်းအကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပေးရန် အိန္ဒိယနိုင်ငံရောက် မြန်မာအရပ်ဘက်အဖွဲ့အစည်းအချို့က တောင်းဆိုခဲ့ကြသည်။

ထို့နောက်ပိုင်းတွင် ထောင်တာဝန်ရှိသူအချို့က လာရောက်ညှိနှိုင်းသောကြောင့် ဆန္ဒပြမှုကို ဒီဇင်ဘာလ ၂၀ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း အကျဉ်းသူများ၏ မိသားစုဝင်အချို့က မဇ္စျိမကိုပြောသည်။

“ဖုန်းအဆက်အသွယ်ရတယ်သူတို့နဲ့။ အခုဆန္ဒမပြတော့ဘူးတဲ့။ အစာတွေပြန်စားနေပြီ။ ထောင်ကလူကြီးတွေလည်းလာတယ်။ ဘာတွေပြောပြီး သဘောတူကြလဲတော့မသိဘူး။ လွှတ်ပေးဖို့မရှိရင်တော့ ဆန္ဒပြန်ပြကြမယ်ထင်တယ်”ဟု အကျဉ်းသူအမျိုးသမီးတဦး၏ မိသားစုဝင်တဦးကပြောသည်။

မူလကပိတ်ပင်ထားသည့် မိသားစုဝင်များနှင့် ဖုန်း‌ ပြောဆိုခွင့်ကို ယခုအခါ ပြန်ခွင့်ပြုထားပြီး အကျဉ်းသူများနှင့် ထောင်ဝန်ထမ်းများကြား ဆက်ဆံရေးကောင်းမွန်နေသည်ဟုဆိုသည်။ မြန်မာနိုင်ငံသား အကျဥ်းသူအမျိုးသမီးများ ရိုက်နှက်ခံရ၍ ဒီဇင်ဘာလ ၁၉ရက်မှစတင်ကာ ဆန္ဒပြခဲ့သည့် မြန်မာအကျဉ်းသားအချို့လည်း ယခုအခါ ဆန္ဒပြမှုကို ရပ်ဆိုင်းလိုက်ကြောင်းသတင်းရရှိသည်။

အကျဥ်းကျခံနေရသည့် မြန်မာအမျိုးသမီးများကို ဒီဇင်ဘာလ ၁၅ရက်နေ့တွင် လွှတ်ပေးမည်ဟု ထောင်အာဏာပိုင်များက အသိပေးခဲ့ပြီးနောက် လွှတ်မပေးသဖြင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင်စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ လေးရက်ကြာဆန္ဒပြခဲ့ကြပြီး ယခု ညှိနှိုင်းဆဲကာလ၌ ဆန္ဒပြမှု ယာယီ ရပ်ဆိုင်းလိုက်ခြင်းဟုသိရသည်။

မဏိပူရပြည်နယ်၊ကျုရမ်ကျာလ်ပူလ်နှင့် မိုးရေးမြို့မှ မြန်မာနိုင်ငံသား ၃၀၀ကျော်သည် အထောက်အထားမဲ့နေထိုင်သည်ဟုဆိုကာ ထိန်းသိမ်းခံထားရကြောင်း ဒေသတွင်းသတင်းအရင်းမြစ်အချို့ကဆိုသည်။လွတ်ရက်စေ့သော်လည်း ပြန်မလွတ်သေးသူများလည်း ရှိနေကြောင်း မဏိပူရပြည်နယ်ရောက် မြန်မာအရပ်ဘက်အဖွဲ့အစည်းများကပြောသည်။

အထိမ်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသားများသည် ထောင်အာဏာပိုင်များနှင့် ဆက်သွယ်ရန် ဘာသာစကားအခက်အခဲရှိခြင်း၊ ထောင်အတွင်းအစားအသောက် ညံ့ဖျင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရှိခြင်းစသောအခက်အခဲများနှင့် တွေ့ကြုံနေရကြောင်း မဏိပူရပြည်နယ်ရောက် မြန်မာများကပြောသည်။

အဆိုပါ ပြဿနာများကြောင့် မဏိပူပြည်နယ်၊ လန်မ်ကားမြို့ ယာယီအကျဥ်းထောင်တွင် ၂၀၂၁ခုနှစ် ဇွန်လအတွင်း မြန်မာအမျိုးသမီးအကျဉ်းသူနှစ်ဦး၊ အင်ဖာထောင်၌ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် အသက်၃၂နှစ်အရွယ် မြန်မာနိုင်ငံသားအကျဥ်းသားတဦး သေဆုံးခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ၊ မီဇိုရမ်၊နာဂလဲန်းနှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ၆၀,၀၀၀ကျော် ဝင်ရောက် ခိုလှုံလျက်ရှိပြီး တရားမဝင်နေထိုင်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း မြန်မာအရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

မြန်မာစစ်​ဘေး​ရှောင်​များအားမတရားနည်းလမ်း​ပေါင်းစုံဖြင့် ဖမ်းဆီး​ထောင်ချခြင်း၊ ပြစ်ဒဏ်ကျခံပြီးသူများအား ထိန်းသိမ်း​ရေးစင်တာတွင်ထားရှိကာ ​ဖိနှိပ်ခြင်းအပါအဝင် မတရားထိန်းသိမ်းခံရသူများ ပြန်လွှတ်​ပေး​ရေးကို မဏိပူရအစိုးရထံသို့ တောင်းဆို​ပေးကြရန်လည်း မြန်မာအရေးလှုပ်ရှားနေသည့် India for Myanmarက ဒီဇင်ဘာလ ၁၉ရက်တွင် တိုက်တွန်းထားသည်။

စာတည်း – အေးချမ်း