သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဓါတ်ပုံ- CJ/ ပေးပို့

ဓါတ်ပုံ- CJ/ ပေးပို့

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းအား ယနေ့ မတ်လ ၉ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မဟာ (၆) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မြေပြင်ရဲဘော်ထံက သိရသည်။

“ညီနောင် ရဲကင်းရပါပြီ။ မနက်က ၁၀ နာရီလောက်ကတည်းကပါ” ဟု မြေပြင်ရဲဘော်က ရုပ်သံနှင့်တကွ အတည်ပြု ပြောသည်။

ရဲစခန်းအား စတင်တိုက်ခိုက်စဉ် စခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲများနှင့် လက်နက်ချရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံဘဲ ပြန်လည်ခုခံသည့်အတွက် တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်းအတွင်းရှိရဲများ စခန်းစွန့်ခွာသွားသည်ဟု မြေပြင်ရဲဘော်က ဆိုသည်။

မတ်လ ၇ ရက်နေ့မှစ၍ တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇)တို့ကို ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့ မတ်လ ၉ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ဆဲဖြစ်ကာ မြေပြင်မှ စစ်ကူမပို့နိုင်သည့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို အဓိကထား ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် ခမရ (၃၅၅)နှင့် သင်္ဃန်းညီနောင် နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ခမရ (၃၅၆)၊ (၃၅၇) တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေပြီး ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှလည်း လက်နက်ကြီးပစ် ခတ်မှုများ ပြုလုပ်‌နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ