သင်္ဃန်းညီနောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း လက်ရှိအခြေနေ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ၃၅၅(ခြေမြန်တပ်ရင်း)၊ခမရ၃၅၆ (ခြေမြန်တပ်ရင်း)နဲ့ ခမရ၃၅၇(ခြေမြန်တပ်ရင်း) ကို KNU/KNLAနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မတ်လ ၇ရက်နေ့မှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေကြပါတယ်။

မတ်လ ၈ရက်နေ့က ခမရ၃၅၅(ခြေမြန်တပ်ရင်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အပြင်းအထန် ခုခံနေကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၆ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ မတ်လ ၇ရက်နေ့က စတင်ကာ ဒီကနေ့ မတ်လ ၉ ရက်နေ့အထိ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၄၀ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက Y12ထောက်ပို့ လေယာဉ်ဖြင့် နေ့စဉ် အချိန်အတော်ကြာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ တိုက်ပွဲအခြေနေနှင့် ပတ်သက်ပြီး စစ်မြေပြင်ကို ရောက်ရှိနေတဲ့ မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က တင်ဆက်ထားပါတယ်။

ရိုက်ကူး/တင်ဆက်/တည်းဖြတ် ဟန်ထူးဇော်