ဗန်းမော်အခြေစိုက် စကခ (၂၁) က ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ မိသားစု ၂ စု သေဆုံး

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးသည် အရပ်သားများ နေထိုင်ရာ ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး မိသားစုနှစ်စု နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

မတ်လ ၁၁ ရက်နေ့ ည ၈ နာရီခန့်တွင် ကမ်းနီကျေးရွာသို့ လက်နက်ကြီး သုံးလုံး ပေါက်ကွဲခဲ့ပြီး ဒေါ်မြင့်မော် (အသက် ၃၀ နှစ်)နှင့် ၎င်း၏ ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး၊ ဒေါ်နှင်းခိုင်(အသက် ၃၀ နှစ်)နှင့် ၎င်း၏ ၁၀ နှစ်အောက် ကလေးတဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗန်းမော်မြို့အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခြင်းဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာ KIA လည်းမရှိ၊ ဘယ်တော်လှန်ရေးအဖွဲ့မှ မရှိဘူး။ အဲဒါကို အကြမ်းဖက် တွေရှိလို့ လက်နက်ကြီးနဲ့ ပစ်လိုက်တာတဲ့။ အသက် ၃၀ ဝန်းကျင်နှစ်ယောက်၊ ၁၀ နှစ်အောက် ကလေးငယ်သုံးယောက် သေဆုံးသွားတာပါ ” ဟု ဗန်းမော် ဒေသခံတဦးက ပြောသည်။

လက်နက်ကြီးကြောင့် အရပ်သားများ သေဆုံးခဲ့ရသော ဧရာဝတီမြစ်တဖက်ကမ်းရှိ ကမ်းနီကျေးရွာတွင် အိမ်ခြေ ၈၀ ဝန်းကျင်သာရှိပြီး လက်ရှိမှာ ရွာခံအများစု ဘေးလွတ်ရာသို့ ထွက်ပြေး ရှောင်တိမ်းရှောင်နေကြကြောင်း နောက်ထပ်ဒေသခံ တဦးက ပြောသည်။

“လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကတော့ နေ့တိုင်းလိုလိုပါပဲ ။ လက်နက်ကြီး သံတွေ နေ့ရောညရော ၊ အခုတောင်ပြောရင်းရင့်နဲ့ အသံကြားရပြန်ပြီ။ ဟိုဘက်ကမ်းရွာတွေကို ခဏခဏ လှမ်းလှမ်း ထုနေတာ၊ အများစုကတော့ ဘေးလွတ်မယ်ထင်ရာကို တိမ်းရှောင်ကြပါတယ်”ဟု ပြောသည်။

မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲကလည်း ဗန်းမော်မြို့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ-၂၁)မှ ပစ်လိုက်သောလက်နက်ကြီးသည် မြို့ပေါ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

ယ‌နေ့ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဗန်းမော် မြို့ပေါ်မှနေပြီး ဧရာဝတီမြစ်တဖက်ကမ်းရှိ ကမ်းနီကျေးရွာနှင့် စင့်ကင်ရွာ၊ မိုးစိမ်းကျွန်း၊ မိုင်းကာကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှ စတင်ကာ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း တကြောရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ရက္ခိုင့်တပ်တော် (AA)၊ PDF ပူးပေါင်းတပ်များက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့ရှေ့တန်းစစ်သားများအတွက် ရိက္ခာထောက်ပို့ရာတွင် အသုံးပြုသော ဗန်းမော်လေဆိပ်ကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၇ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ပြေးလမ်း ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သည်။

ယင်းကြောင့် မတ်လ ၈ ရက်နေ့မှစ၍ ဗန်းမော်လေဆိပ်ကို စစ်ကောင်စီတပ်က ပိတ်ထားခဲ့သည်။

စာတည်း။ ။ နောင်နောင်