တရုတ်ပြည်သူ့ကွန်ဂရက်က ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်ရန်နှင့် အဆင့်မြင့်နည်းပညာများ ဖော်ဆောင်ရန် တိုက်တွန်း

Photo; AFP

Devdescourse

တရုတ်နိုင်ငံသည် အကျပ်ဆိုက်နေသော စီးပွားရေးနှင့် ဆက်လက်ရုန်းကန်နေရချိန်တွင် ပြည်သူ့ကွန်ဂရက်မှ ခေါင်းဆောင်များက အမေရိကန်နှင့် ပြိုင်ဆိုင်မှုပြင်းထန်လာသော နည်းပညာစစ်ပွဲများအကြား နည်းပညာမြင့် စွမ်းအားအရင်းအမြစ်များတည်ဆောက်ရန် တွန်းအားပေးလိုက်ကြောင်း CNN က ဖော်ပြသည်။

ပြည်သူ့ခန်းမ၌ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ၏ ဥပဒေပြုနှင့် ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့၏ အစည်းအဝေးများသည် မတ်လ ၁၁ ရက်က ပြီးဆုံးခဲ့သည်။ ပြည်သူ့ကွန်ဂရက်ပြီးဆုံးသည့်နေ့တွင် တရုတ်ဝန်ကြီးချုပ်သည် ယခင်ကကဲ့သို့ သတင်းစာရှင်းလင်းပွဲ မကျင်းပခဲ့ပေ။

တရုတ်သမ္မတရှီကျင့်ဖျင်က အစိုးရနှင့် ပါတီ၏သတင်းစကားများအပေါ် ထိန်းချုပ်သော ပါတီကဏ္ဍကို ပိုမိုအရှိန်မြှင့်လာသည်နှင့်အမျှ တရုတ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ကိုထမ်းဆောင်သော နိုင်ငံတော်ကောင်စီသည် မကြာသေးမီနှစ်များအတွင်း ဘေးဖယ်ခံလာရသည်။ ထိုအပြောင်းအလဲများက တရုတ်ကွန်မြူနစ်ပါတီ၏ညွှန်ကြားချက်များကို ဖော်ဆောင်ရာတွင် ပါတီ၏ကဏ္ဍကို တရားဝင်ပိုဖြစ်စေသည်ဟု လေ့လာသူများက ဆိုသည်။ အစည်းအဝေးကျင်းပခြင်း၏ အဓိကအကြောင်းရင်းမှာ တရုတ်စီးပွားရေးကို နည်းပညာဆန်းသစ်တီထွင်မှုသို့ ဦးတည်စေကာ နိုင်ငံကို နည်းပညာမြင့်နိုင်ငံတနိုင်ငံအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီချန်းက ပြီးခဲ့သည့်သီတင်းပတ်ကကျင်းပခဲ့သည့် အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် မိမိကိုယ်ကိုယ် အားကိုးမှုနှင့် စွမ်းအားမြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့ပြီး စက်မှုဆိုင်ရာထုတ်ကုန်ဖြန့်ဖြူးရောင်းချမှုကို အဆင့်မြှင့်ရန်နှင့် နည်းပညာမြင့်တီထွင်သူအဖြစ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မြှင့်တင်ရန်လည်း ပြောကြားခဲ့သည်။ ယင်းတွင် သိပ္ပံနှင့်နည်းပညာအတွက် တရုတ်နိုင်ငံ၏ တနှစ်တာအသုံးစရိတ်ကို ယွမ် ၃၇၀ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆ ဘီလီယံ) အထိ ၁၀ ရာခိုင်နှုန်း တိုးရန်လည်းပါဝင်သည်။

ထို့ပြင် အရေးပါသောနည်းပညာများအတွက် ကမ္ဘာ့ယှဉ်ပြိုင်မှုတွင် တရုတ်နိုင်ငံရှေ့ရောက်စေရန် ယမန်နှစ်က ရှီပြောကြားခဲ့သည့် စွမ်းအင်သုံးယာဉ်အသစ်များ၊ ဉာဏ်ရည်တု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကဲ့သို့ အဆင့်မြင့်နည်းပညာကဏ္ဍများကိုညွှန်းဆိုသည့် အရည်အသွေးသစ်ထုတ်လုပ်မှုစွမ်းအားများအကြောင်းကိုလည်း အစည်းအဝေးတွင် အလေးထားပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသို့ ခေတ်မီနည်းပညာများ တင်ပို့မှု အထူးသဖြင့် AI နယ်ပယ်တွင် အမေရိကန်က ထိန်းချုပ်မှု တင်းကျပ်ပြီးနောက် တရုတ်က သိပ္ပံနှင့်နည်းပညာတွင် မိမိကိုယ်ကို မှီခိုအားထားမှုကို အလေးပေးလာခြင်းဖြစ်သည်။ တရုတ်က ၎င်းတို့စစ်တပ်ပိုမိုအားကောင်းအောင် AI နည်းပညာအား အသုံးချနိုင်သည်ဟု အမေရိကန်က စွပ်စွဲထားသည်။

ပြည်သူ့ကွန်ဂရက်ကို ဦးဆောင်ကျင်းပသည့် တရုတ်ခေါင်းဆောင်များသည် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ငါးရာခိုင်နှုန်းအထိရောက်ရှိရေးအတွက် စီးပွားရေးတွင် ယုံကြည်မှုမြှင့်တင်ရန် စိတ်အားထက်သန်နေကြသော်လည်း စားသုံးမှုတိုးတက်စေမည့် အဓိကစီမံချက်များကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။ ထို့ကြောင့် ကွန်ဂရက်ကို အနီးကပ်စောင့်ကြည့်နေသော ရင်းနှီးမြှုပ်နှံသူများကို စိတ်ပျက်စေခဲ့ပြီး စီးပွားရေးရည်မှန်းချက်များကြေညာပြီးနောက် မတ်လ ၁၂ ရက်တွင် ဟောင်ကောင်စတော့ Hang Seng အညွှန်းကိန်းသည် ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

သမ္မတရှီကိုယ်တိုင် ရွေးချယ်ခဲ့သော ဝန်ကြီးများ ရုတ်တရက်ဖယ်ရှားခံရပြီးနောက် နိုင်ငံတော်ကောင်စီတွင် လပေါင်းများစွာ လစ်ဟာနေသော အကြီးတန်းရာထူးနေရာများကို အစားထိုးခန့်အပ်လိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသော လေ့လာသူများအတွက်လည်း ယခုနှစ်ပတ်လည် ပြည်သူ့ကွန်ကရက်က စိတ်ပျက်စရာဖြစ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းသည် ဇူလိုင်လတွင် ရှင်းလင်းချက်တစုံတရာမရှိဘဲ ရာထူးမှ ရုတ်တရက် ဖယ်ရှားခံခဲ့ရကာ လပိုင်းအကြာတွင် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူလည်း အကြောင်းပြချက်မရှိဘဲ ဖယ်ရှားခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူမြင်ကွင်းမှ ပျောက်ကွယ်ကာ အစားထိုးခံခဲ့ရသည်။

တရုတ်အစိုးရသည် ယခုနှစ် နှစ်ပတ်လည်ကွန်ဂရက်တွင် နိုင်ငံခြားရေးဝန်ကြီးအသစ် ခန့်အပ်နိုင်မည်ဟု လေ့လာသူအချို့က မျှော်လင့်ခဲ့ကြသည်။ ချင်ဂန်း ရာထူးမှ ဖြုတ်ချခံရပြီးကတည်းက အကြီးတန်းသံတမန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ယာယီတာဝန်ယူထားသည်။

တရုတ်အစိုးရအဖွဲ့တွင် အဆင့်မြင့်ရာထူးနှစ်ခုဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးနေရာများမှာ လစ်လပ်နေဆဲဖြစ်သော်လည်း တရုတ်သည် ယခုနှစ် ပြည်သူ့ကွန်ဂရက်တွင် ထိုရာထူးနေရာများအတွက် အစားထိုးခန့်အပ်မှု မလုပ်ဆောင်ခဲ့ပေ။