ကော်သူလေးမှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေရဲ့ပုံဟာ ပုံအဟောင်းသာဖြစ်

ZZ

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ ကရင်အမျိုးအသားအစည်းအရုံး (KNU)ရဲ့ အုပ်ချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ကော်သူလေးမှာ ကျောင်းသားတွေရဲ့ နောက်ဆုံးစာမေးပွဲကို ဖြေဆိုနေတဲ့ပုံဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

နော်ဖောကညော် (Naw Phaw K’nyaw) ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က မတ်လ ၁၁ ရက်နေ့မှာ “Final exam for the children’s in kawthoolei” ဆိုတဲ့စာသားနဲ့အတူ ကျောင်းသားအချို့ မြေကြီးမှာ စာရွက် ကိုယ်စီနဲ့ စာဖြေနေတဲ့ ပုံတစ်ခုကိုပါ အတူတွဲဖော်ပြထားတာပါ။

ဒီဖော်ပြမှုထဲမှာ ဘယ်အချိန် ဘယ်နေရာ ဆိုတာကို တိတိကျကျ မဖော်ပြထားဘဲ ကော်သူလေး လို့ပဲ ဖော်ပြထားပေမယ့် ဒီပို့စ်ကို ပြန်လည်မျှဝေသူကလဲ ၄၀၀၀ ကျော်ထိရှိနေပါပြီ။ အခြားဖေ့ဘုတ်အကောင့်နဲ့ ပေ့ချ်တွေမှာလည်း ပြန်လည်ဖြန့်ဝေနေတာတွေ ရှိနေပါတယ်။

မဇ္ဈိမရဲ့ အချက်အလက် စစ်ဆေးသူတွေက ဒီပုံနဲ့ ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာ ပုံဟောင်းတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဒီပုံနဲ့ ဗီပိုက်ဒါ (Vropider) ဆိုတဲ့ X အသုံးပြုသူတစ်ဦးက မတ်လ ၉ရက် ၂၀၂၁ခုနှစ်မှာ စစ်ကောင်စီဟာ ကရင်ပြည်နယ်ထဲက ကျောင်းတွေကို ဖျက်ဆီးနေတယ်လို့ ရေးသားကာဖြန့်ဝေထားတာကိုတွေ့ရပါတယ်။ လင့် – https://shorturl.at/bBDIV

နောက်ထပ် X အသုံးပြုသူတစ်ဦးဖြစ်တဲ့ Zoya Phan ဆိုတဲ့ အကောင့်ကနေလည်း မတ်လ ၁၄ ရက် ၂၀၂၁ခုနှစ်မှာ ကရင်ပြည်နယ်ထဲကတစ်နေရာကို စစ်ကောင်စီကလာတိုက်ခိုက်လို့ ကလေးတွေ စာမေးပွဲကို တောထဲမှာ ဖြေဆိုနေရတယ်လို့ ရေသားကာ ဖြန့်ဝေထားပါတယ်။ လင့် – https://shorturl.at/ekopw

ဒါ့အပြင် Karen Human Rights Group ဝက်ဘ်ဆိုဒ်ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီကနေ ဇွန်လထိ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ မတ်လ ၂ ရက် ၂၀၂၁ခုနှစ် လားဒိုမြို့နယ် ခလွယ်လွီးထူးခရိုင်မှာ ကျောင်းသားတွေ တောထဲမှာ စာမေးပွဲဖြေနေရတဲ့ပုံဆိုပြီး ဖော်ပြထားတာကိုတွေ့ရပါတယ်။ လင့် – https://shorturl.at/fkLRS

ဒါကြောင့် အခုပျံ့နှံ့နေတဲ့ ကော်သူလေးခရိုင်မှာ ကျောင်းသားတွေ တောထဲမှာ စာမေးပွဲဖြေဆိုနေတဲ့ပုံတွေဟာ ပုံအဟောင်းပဲ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။