စစ်တပ်မိသားစုဝင်အချို့ အရပ်ဘက်လေကြောင်းလိုင်းများဖြင့် ကချင်ပြည်နယ်မှ အရေးပေါ်ရွှေ့ပြောင်း

မဇ္ဈိမ။ ။ စစ်ရေးပြင်းထန်လာသော ကချင်ပြည်နယ်မှ စစ်တပ်မိသားစုဝင်တချို့ကို အရပ်ဘက်လေကြောင်းလိုင်းများအသုံးပြုကာ ယနေ့မှ စပြီး အရေးပေါ် ရွှေ့ပြောင်းနေကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များက ဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ အရပ်ဘက် မြစ်ကြီးနားလေဆိပ်မှ မန္တလေးလေဆိပ်အပါအဝင် ရန်ကုန်လေဆိပ်များသို့ စစ်ကောင်စီအသိုင်းအဝိုင်းမှ မိသားစုဝင်များကို အရေးပေါ်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

မြစ်ကြီးနားလေတပ်စခန်းကို ကေအိုင်အေက ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မြစ်ကြီးနားအရပ်ဘက် ခရီးသည်တင်လေကြောင်းလိုင်းများကို အသုံးပြုပြီး ယခုလို ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု လေဆိပ်သတင်းရင်းမြစ်က ဆိုသည်။

“လေယာဥ်ရပ်တာတောင် သူတို့တပ်နဲ့ နီးတဲ့နေရာဘက်မှာ ရပ်တာတွေ့တယ်။ အိတ်သယ်တဲ့ တွဲတောင် သူတို့တတွဲသပ်သပ်သုံးတယ်။ ပြောင်းတာတောင် အရာရှိပိုင်း မိသားစုဝင်လောက်က အရင်ပြောင်းတဲ့သဘောနဲ့တူတယ်။ အခုပါသွားတဲ့အနွယ်တွေက ငွေသုံးနိုင်တဲ့အနေအထားကို တွေ့ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခင်က ရန်ကုန် – မြစ်ကြီးနား၊ မန်းလေး – မြစ်ကြီးနား ၊ မြစ်ကြီးနား – ပူတာအို ခရီးစဥ်အဖြစ်အသွားအပြန်သာပြေးဆွဲနေသော်လည်း ယနေ့တွင် လေယာဥ်ခရီးစဥ်က အသွားအပြန် ဆယ်ကြိမ်ထက်မနည်း ပျံသန်းမှုရှိနေသည်ကို လေယာဥ်ပျံသန်းမှုမှတ်တမ်းများနှင့် မြေပြင် ဗီဒီယိုသတင်းမှတ်တမ်းများအရ သိရသည်။

မန္တလေးလေဆိပ်များတွင်လည်း ရောက်ရှိလာသော စစ်ကောင်စီမိသားစုဝင်များကို ဆိုက်ရောက်နေရာများတွင် လာရောက်ကြိုဆိုနေသည်ကိုလည်း တွေ့မြင်ရသည်ဟု ခရီးသွားသတင်းရင်းမြစ်များက ဆိုကြသည်။

ပြောင်းရွှေ့နေသည့် စစ်ကောင်စီမိသားစုဝင်များထဲတွင် စစ်ဆေးရုံအသိုင်းအဝိုင်း၊ စစ်သင်တန်းကျောင်း အသိုင်းအဝိုင်းနှင့် မပခစစ်ရုံးအသိုင်းအဝိုင်းမှ အရာရှိ မိသားစုဝင်များဖြစ်သည်ဟု ကနဦးစုံစမ်းသိရှိရသည်။

မပခစစ်ရုံးမှ အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ” အခုက အရာရှိပိုင်းမိသားစုလောက်ပဲ အရေးပေါ်ပြောင်းနေကြတာဟုတ်တယ်။ ဒီမှာကလည်း ဘယ်သူ့ကိုမှ ယုံရတဲ့အခြေအနေမှာ မရှိဘူး။ တဖွဲ့နဲ့တဖွဲ့ကလည်း စောင့်ကြည့်နေကြတာ။ သတင်းအမှန် မပေးကြတော့ဘူး။ အထူးသဖြင့် စစ်ဆေးရုံက ဆရာဝန်တွေဆို မိသားစုတွေကို ပြောင်းထားကြပြီ။ သူတို့က အေးရာအေးကြောင်း အပြင်ဆေးခန်းတွေမှာ လှည့်ထိုင်နေကြတာ။ ဒါကို ဟိုတော်လှန်ရေးအဖွဲ့တွေကပဲ စောင့်ကြည့်နေတာမဟုတ်ဘူးနော်။ ကျနော်တို့ အချင်းချင်းလည်း စောင့်ကြည့်နေကြတာဟုတ်တယ်။ သူတို့ဘယ်သွားတယ် ဘယ်လာတယ်။ နောက်ဆုံး သူတို့ဘယ်ဆိုင်မှာ ထိုင်သောက်တတ်တယ်ကအစလိုက်ပြီး တပ်ရင်းကို ပြန်ရောက်လာလားက အဆုံး ပြန်ကြည့်နေတာဟုတ်တယ်” ဟု ဆိုသည်။

မဇ္ဓျိမမြေပြင်သတင်းအဖွဲ့၏ မြေပြင်စုံစမ်းရရှိထားသည့် အချက်အလက်အရ စစ်ကောင်စီအသိုင်းအဝိုင်းမှ အဆင့်မြင့်အရာရှိ မိသားစုအချို့ ပြောင်းရွေ့နေသည်ကို အတည်ပြုထားသလို၊ စစ်ဆေးရုံမှ ဆရာဝန် (ကလေးအထူးကုနှင့် အထွေထွေကု) အချို့ မြစ်ကြီးနားမြို့တွင်းရှိ နာမည်ကြီးပုဂ္ဂလိကဆေးရုံများဖြစ်ကြသည့် ရင်စိန်ဆေးရုံ၊ ဒေါက်တာဆန်းမြင့်၊ အေးသုခနှင့် မလိဇွပ်ဆေးရုံများတွင် အချိန်ပိုင်း ကုသမှုပေးနေသည်ကို စုံစမ်းသိရှိထားသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားလေဆိပ်ပြန်ဖွင့်ထားသော်လည်း လေယာဉ်ခရီးစဥ်အတွက် လက်မှတ် အသစ်ဝယ်ယူမှုများက ခက်ခဲမှုရှိနေပြီး၊ ဧပြီလရောက်မှသာ ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြစ်ကြီးနားလေဆိပ်သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း( MAI )၊ Air KBZ နှင့် မန်းရတနာပုံ လေကြောင်းလိုင်းများ ပျံသန်းနေခြင်း ဖြစ်သည်။

အချို့လေကြောင်းလိုင်းများက ဗန်းမော်၊ ပူတာအို လေဆိပ်များသို့ မြစ်ကြီးနားလေဆိပ်မှတဆင့် ထပ်မံပျံသန်းနေခြင်းဖြစ်သော်လည်း လတ်တလော လေယာဥ်ပြေးလမ်း တိုက်ခိုက်ဖျက်ဆီးခံထားရသည့် ဗန်းမော်ခရီးကို လေကြောင်းလိုင်းအားလုံးက ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)