ကျိုက်ဒုံ ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ပုံအညွှန်း- ဖလူးစခန်းသိမ်းတိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- Cobra Column 2 Venom)

ပုံအညွှန်း- ဖလူးစခန်းသိမ်းတိုက်ပွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- Cobra Column 2 Venom)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ စစ်ကောင်စီ စစ်ဗျူဟာကုန်းကို မတ်လ ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်ရဲဘော်ထံက သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ မိုင် ၂၀ အကွာရှိ ကျိုက်ဒုံ စစ်ကောင်စီ ဗျူဟာကုန်းကို ဇန်နဝါရီလကုန်ပိုင်းမှစ၍ တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး မတ်လ ၁၂ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ကာ မတ်လ ၁၄ ရက်နေ့၊ နေ့လယ် ၃ နာရီ ၃၀ မိနစ်တွင် အပြီးသိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

” ကျိုက်ဒုံဗျူဟာကုန်းကို ဒီနေ့ သိမ်းလိုက်ပါပြီ၊ ညနေ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်မှာပါ” ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျိုက်ဒုံ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီပိုင်ဆိုင်သည့် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများပါ ရမိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ကျိုက်ဒုံ စစ်ကောင်စီ ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ထံ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ကျိုက်ဒုံဗျူဟာကုန်းကျပြီး KNLA ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိသွားကြောင်း ရေးသားဖော်ပြနေကြသည်။

ကျိုက်ဒုံဗျူဟာကုန်းသည် ထိုင်းမြန်မာနယ်စပ် လမ်းကြောင်းတခုဖြစ်သည့် ကြာအင်းဆိပ်ကြီး-ကျိုက်ဒုံ-ပိုင်ခလန်- အုန်းဖန် လမ်းပေါ်တွင်ရှိပြီး အဆိုပါ ဗျူဟာကုန်းသည် ၁၉၉၇ ခုနှစ်မှစ၍ အခိုင်အမာ တည်ဆောက်ထားပြီး၂၇ နှစ် သက်တမ်းရှိသည့်စခန်း တခုဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)