ဧရာဝတီတိုင်းတွင် ၁လလျှင် လူဦးရေ ၇၀၀ခန့်စစ်မှုထမ်းရမည်ဟုဆို

ပုံအညွှန်း- ပုသိမ်မြို့တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ပုံဟောင်း)

ပုံအညွှန်း- ပုသိမ်မြို့တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ပုံဟောင်း)

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်းတွင် ၁လလျှင် လူဦးရေ ၇၀၀ခန့် စစ်မှုထမ်းရမည်ဟုဆိုကာ စစ်ကောင်စီကစာရင်းများကောက်ယူခိုင်းနေကြောင်း မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်နီးစပ်သူများက မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ဧရာဝတီတိုင်းအတွင်းမြို့နယ်အားလုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးများကို တိုင်းစစ်ကောင်စီရုံး(ယခင်တိုင်းအစိုးရရုံး)သို့ခေါ်ကာ ပထမအသုတ် စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူခိုင်းသည့် အစည်းအဝေးတွင် စစ်ကောင်စီအရာရှိများက ထိုသို့ပြောဆိုခြင်းဟု သိရသည်။

ထိုသို့ စစ်ကောင်စီကစေခိုင်းပြီးနောက် ယမန်နေ့မတ်လ ၁၄ ရက်နေ့က မြို့နယ်အသီးသီးရှိ ထွေအုပ်ရုံးများတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်ရပ်ကျေးစာရေးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ပထမအသုတ် စစ်မှုထမ်းရန်အတွက်လူရွေးချယ်ရန် အစည်းအဝေးပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတဦးက ဆိုသည်။

ထိုနေ့က ဟင်္သာတမြို့နယ်ထွေအုပ်ရုံးတွင်လည်းအစည်းအဝေးပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တလလျှင် တမြို့နယ်လူဦးရေ ၃၀ ဦးခန့် စစ်မှုထမ်းရမည်ဟုပြောဆိုခဲ့ကြောင်း ဟင်္သာတမြို့ဒေသခံတဦးကပြောသည်။

“ဟင်္သာတမှာဆိုရင် ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၁၂၄ အုပ်စုရှိတယ်။ဒီလအတွက် ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၃၀ လောက် ရွေးပြီးသွားရင် နောက်လမှာ နောက်ထပ် ၃၀ အုပ်စုလောက်ထပ်ရွေးမယ်ဆိုတဲ့သဘောပေါ့။ဒါကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နဲ့ကျေးရွာတွေရဲ့ လူဦးရေအနည်းအများပေါ်မူတည်ပြီး အချိုးကျလုပ်မယ်လို့ပြောတယ်”ဟု ၎င်းကပြောသည်။

စစ်မှုထမ်းရန်အတွက် လူဦးရေစာရင်းများကောက်ယူပြီးပါက ယခုလ မတ်လ တတိယပတ်အတွင်း မြို့နယ်အသီးသီးရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် မဲနှိက်ရွေးချယ်သွားမည်ဟုလည်း မြို့နယ်အုပ် ချုပ်ရေးမှူးနှင့်နီးစပ်သည့် ဒေသခံတဦးဆက်လက်ပြောသည်။

လက်ရှိတွင် ရပ်ကွက်နှင့်ကျေးရွာများ၌ ထွေအုပ်ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ဆယ်အိမ်မှူး ၊ရာအိမ်မှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့်ဖွဲ့စည်းထားသည့် စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းပါဝင်သည့် လူဦးရေစာရင်းများ ကောက်ယူနေပြီး မဲနှိုက်ရန်စီစဥ်နေကြောင်း သိရသည်။

မဲနှိုက်ရွေးချယ်ပြီးပါက မဲပေါက်သည့်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးကဆင့်ခေါ်မည်ဖြစ်ပြီး မြို့နယ်ထွေအုပ်ရုံးများတွင် စာရင်းသွင်းမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် စစ်သင်တန်းတက်ရမည့် နေ့ရက်ကိုမူ အတိအကျမသိရသေးကြောင်းစစ်ကောင်စီနှင့်နီးစပ်သူများ၏ပြောပြချက်အရသိရသည်။

ထိုဖြစ်စဥ်များနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “တချို့လူငယ်တွေကတော့ စစ်မှုမထမ်းရရေးအတွက် နည်းမျိုးစုံနဲ့ ရှောင်တိမ်းနေတာမြင်ရတယ်။အတော်များများများကတော့ တကယ်စစ်မှုထမ်းရမယ်ဆိုပြီး ဖြစ်လာမှ ဘာလုပ်မယ်၊ညာလုပ်မယ်ဆိုပြီး ပြောနေတာတွေကြားရတယ်။ စစ်တပ်က တကယ်ယုတ်မာမှာဖြစ်တဲ့အတွက်လျှော့မတွက်ကြပါနဲ့။ ဖြစ်နိုင်မယ်ဆို သတိဝိရိယနဲ့ အခုတည်းက ကြိုတင်ရှောင်ကြားကြပါ”ဟု ပြောသည်။

စစ်မှုထမ်းရန် စစ်ကောင်စီက စာရင်းကောက်ယူခိုင်းနေကြောင်းသတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းစစ်ကောင်စီရုံး(ယခင် ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံး)၏ ရုံးဖုန်းအား မဇ္စျိမမှ ယနေ့ မတ်လ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင်‌ဖြေကြားခြင်းမရှိပေ။

ဧရာဝတီတိုင်းအပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊မန္တလေးတ်ိုင်းရှိ မြို့နယ်များ၌လည်း စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များသည် ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။စစ်မှုထမ်းစာရင်းတွင်ပါဝင်သူများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့်လျှောက်လွှာများပေးပို့နေပြီး စာရင်း၌ပါဝင်သူများခရီးမထွက်ရန်နှင့် စဉ်ဆက်မပြတ် သတင်းပေးပို့ရန် ဖိအားပေးနေကြောင်း စစ်မှုထမ်းစာရင်း၌ပါသည့် မိသားစုဝင်အချို့ကပြောသည်။

မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ယခုနှစ် ဧပြီလ သင်္ကြန်ကာလအပြီးတွင် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း