ထီးချိုင့်တွင် တိုက်ပွဲပြန်ဖြစ်ပြီး စစ်ရေးတင်းမာ

၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် မီးရှို့ခံရတဲ့ ထီးချိုင့်​မြို့ စံရပ်ပြရပ်ကွက်က လူနေအိမ်များမြင်ကွင်း/ဓာတ်ပုံ။ ။ Tigyaing Revolution -TR

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ မတ်လ၁၃ရက်နေ့က တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို တော်လှန်ရေးတပ်ပေါင်းစုများမှ မတ်လ၁၃ရက်နေ့ ညတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ထီးချိုင့်မြို့မှာ ဟိုတနေ့က ပစ်ခတ်မှုပြန်ဖြစ်တယ်။ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ မြို့နားအစပ်မှာ ပစ်ခတ်ကြတာပါ။ ပစ်ခတ်မှုကနှစ်နာရီလောက်ပဲ။ မနေ့ကနဲ့ ဒီနေ့ကတော့ ငြိမ်နေပါတယ်” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ရဲများသည် ရဲစခန်း၊ မြတောင်လမ်းဆုံအပါအဝင် ထီးချိုင့်မြို့ရှိ အထပ်မြင့်အဆောက်အဦများ၊ တောင်ကုန်းနေရာများတွင် နေရာယူထားပြီး တော်လှန်ရေးတပ်ဖွဲ့များက မြို့အစပ်နေရာများမှမြို့ကို ပတ်လည်ဝိုင်းကာနေရာယူထားသည်ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၄၀၀ခန့် တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များမှ မြို့ပတ်ဝန်းကျင်ကို ထိန်းချုပ်ထားကာ မြေပြင်မှရိက္ခာပို့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ ထို့ကြောင့်စစ်ကောင်စီသည် ထီးချိုင့်မြို့ရှိစစ်ကောင်စီတပ်ဖွဲ့များထံ လေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများ ပို့ဆောင်နေကြောင်း သိရသည်။

ထီးချိုင့်မြို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို တော်လှန်ရေးတပ်ပေါင်းစုများက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲစတင်ဖြစ်ပွားသည့်ကာလက စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လေကြောင်းမှအပြင်းအထန် ခုခံတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်နေ့က တိုက်ပွဲတွင် စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်အချို့ကျဆုံးမှုရှိခဲ့ပြီး ထိုတိုက်ပွဲနောက်ပိုင်း နှစ်ဘက်ပစ်ခတ်မှုငြိမ်သက်ခဲ့ကာ ယခုအခါ တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ထီးချိုင့်မြို့နယ်အတွင်းတိုက်ပွဲများတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ရက္ခိုင့်တပ်တော်(AA)ကလည်း စစ်ကောင်စီအားတိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့သည် ကသာခရိုင်အတွင်းပါဝင်ပြီး လတ်တလောတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ စစ်ရေးတင်းမာနေသည့် အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကသာမြို့နယ်တို့နှင့် နယ်မြေချင်းထိစပ်နေသည်။

ဒေသတွင်းတိုက်ပွဲများပြင်းထန်နေစဉ် ထီးချိုင့်မြို့အား စစ်ကောင်စီက လေကြောင်းမှအကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့၏ ၈၀ရာခိုင်နှုန်းနီးပါး မီးလောင်ပျက်စီးသွားကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြပေးနေသည့် Tigyaing Revolution-TR ထံမှသိရသည်။ ထို့အပြင် ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ဘေးတိမ်းရှောင်နေကြရသည်။

စာတည်း – အေးချမ်း