နိုင်ငံအများအပြားကို ထိခိုက်စေသော တရုတ် နိုင်ငံသား များပါဝင်သည့် အွန်လိုင်း လိမ်လည်မှုများ

PML Daily

နိုင်ငံအများအပြားသည် နယ်စပ်ဖြတ်ကျော်အင်တာနက်လိမ်လည်မှုများ လုပ်ဆောင်သော တရုတ်နိုင်ငံသားများကို ဖမ်းဆီးခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံအသီးသီးတွင် ထိုသို့သော လိမ်လည်မှုလုပ်ဆောင်သည့် တရုတ်လူမျိုးများ ပါဝင်သော အုပ်စုများ လျင်မြန်စွာ ပြန့်ပွားလာမှုအပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်။

မကြာသေးမီလများအတွင်း ကမ္ဘာတဝန်းတွင် ဖော်ထုတ်တွေ့ရှိခဲ့သော အွန်လိုင်းလိမ်လည်မှုများတွင် တရုတ် နိုင်ငံသား အများအပြား ပါဝင်ပတ်သက်ကြောင်း တွေ့ရသည်။ နိုင်ငံအများအပြားသည် နယ်စပ်ဖြတ်ကျော် အင်တာနက် လိမ်လည်မှုများ လုပ်ဆောင်သော တရုတ်လူမျိုးများကို ဖမ်းဆီးခြင်း နှင့် ပြည်နှင်ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံအသီးသီးတွင် ယင်းကဲ့သို့ ငွေကြေးလိမ်လည်မှု ပြုလုပ်နေသည့် တရုတ်လူမျိုး အုပ်စုများ လျင်မြန်စွာ ပြန့်ပွားလာမှုအပေါ် စိုးရိမ်မှုများ ကြီးထွားလာသည်။

Telegram နှင့် WhatsApp ပလက်ဖောင်း များကို အသုံးပြု၍ လူများကို လိမ်လည်သည့် တရုတ်နိုင်ငံသား ၂၂ ဦးကို ဇမ်ဘီယာအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ဇမ်ဘီယာ တွင် လုပ်ငန်းလည်ပတ်နေသော တရုတ် ကုမ္ပဏီ တခုသည် ဖုန်းခေါ်ဆိုမှု စင်တာ အဖြစ် အကြောင်းပြ၍ အင်တာနက် လိမ်လည်မှု များ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဖုန်းခေါ်ဆိုသူ၏ တည်နေရာကို ဖုံးကွယ်ရန် အသုံးပြုသော ဆင်းမ်ကတ် ၁၃,၀၀၀ နှင့် ဆင်းမ်ဘောက်စ် ၁၁ ခုတို့ကို ဇမ်ဘီယာအာဏာပိုင်များက သိမ်းဆည်းရမိခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သည် ငွေကြေး ဆိုက်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်သည့် လူပေါင်း ၈၀၇ ဦး ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၄၈၆ ဦးမှာ ဒေသခံ လူမျိုးများ ဖြစ်၍ ၃၅၂ ဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ သည် ပြည်တွင်းစစ်ကို ပိုမိုဆိုးရွားစေသည်။ တရုတ်လိမ်လည်မှု အဖွဲ့များသည် ဟန်ဆောင်ထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များတွင် ငွေကြေးထည့်ဝင်ရန် လူများကို ဆွဲဆောင်ခြင်းဖြင့် လိမ်လည်ကြသည်။

၂၀၂၃ တွင် မြန်မာလုံခြုံရေးအေဂျင်စီများက ဖမ်းဆီး၍ နေရပ်သို့ ပြန်ပို့ပေးခဲ့ရသည့် တရုတ်လူမျိုး သောင်းနှင့်ချီရှိခဲ့သည်။ ၂၀၂၂ တွင် ၄၀,၀၀၀ ကျော်ရှိခဲ့သည်။ ” နယ်စပ်‌ဒေသကို ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်တဲ့ တရုတ် နဲ့ သူတို့ရဲ့ မူဝါဒ တွေကြောင့် ဖြစ်နိုင်တယ်။ တချို့နေရာတွေမှာ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုတွေ ရှိတယ်” ဟု တရုတ် အခြေစိုက် နိုင်ငံရေး လေ့လာသူ ဦးလှကျော်ဇောက ပြောသည်။

‘Magic Lamp’ အမည်ရှိ တရုတ်အခြေစိုက် လိမ်လည်လှည့်ဖြားမှုအဖွဲ့နှင့် ချိတ်ဆက်ထားသော တရုတ်လူမျိုး နှစ်ဦးကို တယ်လီဖုန်းမှ တဆင့် ငွေကြေး လိမ်လည်မှုဖြင့် လော့စ်အိန်ဂျလိစ်ရှိ တရားရုံးတရုံး က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။ ၎င်းတို့သည် လိမ်လည်မှုမှ ရရှိသော ငွေကြေးများကို Target လက်ဆောင်ကတ်များ အသုံးပြု၍ ငွေကြေးခဝါချခဲ့သည်။ “တရားခံများသည် တရုတ်ရှိ အဖွဲ့အစည်းတခုမှ လက်ဆောင်ကတ်နံပါတ်များနှင့် ကုဒ်နံပါတ် ၅,၀၀၀ ကျော်ကို ရယူခဲ့သည်” ဟု အမေရိကန်တရားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အွန်လိုင်းထီများ၊ ချေးငွေများနှင့် ရင်းနှီးမြှုပ်နှံမှုများကို အသုံးပြု၍ လိမ်လည်သော တရုတ်လူမျိုးများ ပါဝင်သည့် အုပ်စုများသည် နီပေါလူမျိုးအများအပြားကို လိမ်လည်ခဲ့သည်။ နီပေါရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသား ကိုးဦးကို အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ပတ်သက်ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် မကြာသေးမီက ဖမ်းဆီးခဲ့သည်။ “အရင်တုန်းကတော့ ရဲတပ်ဖွဲ့က ခေါ်ဆိုရေး စင်တာလုပ်ငန်းတွေ နဲ့ တခြားတရားဝင်လုပ်ငန်းတွေ ကို တွေ့ရှိရတဲ့အတွက် သက်သေအ‌ထောက်အထား သိပ်မပြနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီတကြိမ်မှာတော့ လုံလောက်တဲ့ သက်သေတွေရှိပါတယ်” ဟု နီပေါ အကြီးတန်း ရဲအရာရှိ မန်နော့ဂျ် ကေစီ က ပြောသည်။

တရုတ်လူမျိုးများသည် အင်ဒိုနီးရှားတွင် လူငယ်များကို အွန်လိုင်း မှ လိမ်လည်ရာတွင် အချစ်ဇာတ်လမ်းများ အသုံးပြုခဲ့သည်။ အင်ဒိုနီးရှားလူငယ်များသည် အွန်လိုင်းတွင် အချစ်ရေး ပတ်သက်ဆက်နွယ်မှု ထောင်ချောက်ထဲတွင် ပိတ်မိ၍ ငွေကြေးနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ အတောင်းခံရသည်။ ယင်းနောက် ဗွီဒီယိုခေါ်ဆိုမှုများကို မှတ်တမ်းတင်၍ လူသိရှင်ကြား ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြီး ငွေတောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၂၀၂၃ တွင် အချစ်ရေးလိမ်လည်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း အထိ ရရှိခဲ့သော တရုတ်နိုင်ငံသား ၁၅၃ ဦးကို အင်ဒိုနီးရှားက တရုတ်သို့ ပြန်ပို့ခဲ့သည်။

“အချစ်ရေးလှည့်စားမှုတွေ အသုံးပြုတဲ့ လိမ်လည်မှုတွေက အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှုတစ်ခုပါ။ ဒီရာဇ၀တ်မှုကနေ အကျိုးအမြတ်လည်း ကြီးမားပါတယ်” ဟု အင်ဒိုနီးရှား အကြီးတန်းရဲအရာရှိ ခရစ်ရှာနာ မာတ်တီ က ပြောသည်။ တရုတ် လိမ်လည်သူများသည် လူသားများ၏ စိတ်ခံစားမှုကို အသုံးချ၍ ငွေကြေးလိမ်လည်တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောသည်။

အင်တာနက်နည်းပညာ တိုးတက်မှုများသည် တရုတ်၏ လိမ်လည်လှည့်ဖြားမှု လုပ်ငန်းများအား ပိုမိုအားကောင်းလာစေမည်ကို ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။ “သူတို့က ဉာဏ်ရည်တု နည်းပညာအသုံးပြုပြီး ဗီဒီယိုအတုတွေနဲ့ ဓာတ်ပုံအတုတွေကို ဖန်တီးပြီး ဒစ်ဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုနည်းတဲ့ လူတွေကို သားကောင်အဖြစ် သတ်မှတ်ပြီး လိမ်လည်ကြတယ်” ဟု ဂျကာတာအခြေစိုက် လုံခြုံရေးလေ့လာဆန်းစစ်သူ ပရာတာမာ ဒါလီယန် ပါဆာဒါ က ဆိုသည်။

လာအိုသည် ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) တွင် တရုတ်လူမျိုးများ၏ လိမ်လည် လှည့်ဖြားမှုများအား ဖော်ထုတ်ခဲ့သည်။ တရုတ်လူမျိုး လိမ်လည်သူ ရာဂဏန်းကို နေရပ်သို့ ပြန်ပို့ခဲ့သည်။ “ရွှေတြိဂံ အထူးစီးပွားရေးဇုန်နဲ့ နိုင်ငံတဝန်းလုံးမှာ တရုတ်လိမ်လည်သူ အရေအတွက် လျော့နည်းလာမယ်လို့ မျှော်လင့်ပါတယ်” ဟု လူတဦးမှ Radio Free Asia သို့ ပြောကြားခဲ့သည်။

တရုတ် ငွေကြေးလိမ်လည်သူများကို မြန်မာ အစိုးရ၏ အရေးယူမှု အပြီးတွင် လာအို သို့ ဝင်ရောက်လာမည်ကို စိုးရိမ်လျက်ရှိသည်။ “ဒီလိမ်လည်မှုအဖွဲ့ တော်တော်များများဟာ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို လာအို ကို ပြောင်းရွှေ့ဖို့ ရွေးချယ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်” ဟု တာဝန်ရှိသူတဦးက ပြောကြားသည်။ “သံရုံးတွေက နိုင်ငံသားတွေကို ကာကွယ်ဖို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။” ဟု ၎င်း ကဆိုသည်။

အွန်လိုင်းမှ တရုတ်လိမ်လည်သူများကြောင့် ထိခိုက်နစ်နာရသည့် နိုင်ငံများတွင် တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဥဇဘက်ကစ္စတန်တို့ ပါဝင် သည်။ အိန္ဒိယ နိုင်ငံသား အများအပြားသည် တရုတ် နိုင်ငံသားများ၏ ငွေကြေး အမြတ်ထုတ်မှုနှင့် ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုများမှ တဆင့် လိမ်လည်သည့် အွန်လိုင်း ချေးငွေအက်ပ်များ၏ သားကောင်ဖြစ်ခဲ့ရသည်။