စစ်ဘေးရှောင်များကို ကယ်ထုတ်နေချိန် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၄ နှစ်အရွယ် ကလေး ၁ ဦးနှင့် PDF ၁ ဦး သေဆုံး

မြန်မာ- အိန္ဒိယနယ်စပ်က စစ်ဘေးရှောင်စခန်းတခုကို တွေ့ရစဉ် (Photo- AFP)

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၌ စစ်ဘေးရှောင်သူများကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဥ် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် အသက်လေးနှစ်အရွယ် မိန်းကလေးတဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကာကွယ်ရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကလေးမြို့တောင်ပိုင်း သာယာဝတီလမ်းခွဲမှ စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန်စီစဥ်နေချိန် မတ်လ ၁၇ ရက် ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဒရုန်းနှစ်စင်းဖြင့် အီနာဂါဗုံးသီး သုံးလုံးတွဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို လုံခြုံတဲ့နေရာမှာပို့ဖို့ စီစဥ်ပြီး ကားပေါ်တင်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးလားချသွားတာပါ” ဟု ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးမှ ကိုနွေဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက်လေးနှစ်ရွယ် မိန်းကလေးငယ် တဦးနှင့် PDF တဦး သေဆုံးခဲ့သည်။ သေဆုံးသူ PDF တပ်ဖွဲ့ဝင်မှာ ကလေးမြို့ နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တပ်စိပ်မှူး ကိုယုနိုင်ထွန်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စေတနာ့ဝန်ထမ်း အပါအဝင် ဒေသခံခြောက်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိထားကြောင်း သိရသည်။

ကျဆုံးသွားသည့် တပ်စိပ်မှူးသည် တပ်ဖွဲ့အတွက် အလွန်အားကိုးရသူဖြစ်ပြီး ၎င်း ကျဆုံးခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရကာ နစ်နာဆုံးရှုံးမှုကြီးမားကြောင်း ကိုနွေဦးက ပြောသည်။

ကလေးမြို့နယ် ထိုမာကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ လူသုံးကုန် ပစ္စည်းများ ယူဆောင်သွားပြီးနောက် ယခင်ကတပ်စွဲထားသည့် နည်းပညာတက္ကသိုလ် သို့ပြန်လည်ဆုတ်ခွာကာ သာယာဝတီကျေးရွာအနီးတွင်လည်း စခန်းချနေထိုင်လျက် ရှိကြောင်းသိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဥ် ထိတွေ့မှုရှိပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“မိဘပြည်သူများအနေဖြင့် မလိုလားအပ်သော အသက်ဆုံးရှုံးထိခိုက်မှုများမဖြစ်စေ ရန် တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးကြပါရန်” ဟု ကလေး PDF က ပြောသည်။

မတ်လ ၁၆ ရက်နေ့ကလည်း ကလေးမြို့မြောက်ပိုင်း ပျဥ်းခုံလေးတွင် စစ်ကောင်စီတပ်က ပစ်ခတ်သောလက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အိန်ဂျယ် ဗန်ရဲမ်းပွီး (အသက် ၁၀ နှစ်) ၊ဧဒင်ထားလ်ရီး (အသက် ၃၂ နှစ်)နှင့် လားလ်ဖတ်ခ်ကီးမီး (အသက် ၆၂ နှစ်) တို့ သုံးဦး သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလမှစ၍ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေသော ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နေသော ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်